၅ နိုဝင်ဘာ
၁၉၉၀ ခုနှစ် ဝန်းကျင်တွေတုန်းက အောင်မြင်ခဲ့တဲ့ စပိုက်ဂဲလ်အဖွဲ့ဟာ သူတို့အဖွဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လာမယ့်သီတင်းပတ်အတွင်းမှာပဲ ကြေညာနိုင်ဖွယ်ရှိပါတယ်။ မယ်လာနီ ခရစ်ဟွန်း၊ မယ်လာနီဘရောင်း၊ ဂျယ်ရီဟော်နာ၊ အီမာဘန်တွန် တို့ဟာ နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ အဖွဲ့ကို ပြန်လည်ဖွဲ့မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း စပိုက်ဂဲလ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းကတော့ ဒီအဖွဲ့မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရာ မရှိပါဘူး။
ဗစ်တိုးရီးယားမပါတဲ့ ကျန်တဲ့စပိုက်ဂဲလ်အဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၅ ရက်နေ့မှာ Bonfire Night မှာ ဖျော်ဖြေသွားဖို့ရှိတယ်လို့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဒန်ဝေါ့တန်က The Sun မှာ ရေးသားခဲ့ပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်းကတော့ ဖက်ရှင်လိုင်းနဲ့ စီးပွားရေးကိုပဲ ဦးစားပေးလုပ်ဆောင်သွားဖို့ ရှိတဲ့အတွက် ဒီပွဲမှာပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ၁၉၉၄ နှစ်က ဖွဲ့စည်းခဲ့တဲ့ စပိုက်ဂဲလ်အဖွဲ့ဟာ ကမ္ဘာမှာ လူကြိုက်များတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဂျယ်ရီ အဖွဲ့ကနေ ထွက်သွားတဲ့နောက် စပိုက်ဂဲလ်အဖွဲ့ဟာ ကျန်အဖွဲ့သားတွေနဲ့ပဲ ရှေ့ဆက်ခဲ့ပါတယ်။
၂၀ဝ၀ ပြည့်နှစ်မှာတော့ သူတို့အဖွဲ့ကွဲသွားပြီလို့ တရားဝင် ကြေညာခဲ့တဲ့အတွက် ကမ္ဘာအနှံ့က ပရိသတ်တွေ ဝမ်းနည်းခဲ့ရပါတယ်။ အဖွဲ့ကွဲသွားပြီး ၇ နှစ်အကြာမှာ စပိုက်ဂဲလ်အဖွဲ့ဟာ ပြန်လည်စုစည်းပြီး နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်မှာလည်း တစ်ကြိမ်ပြန်လည်စုစည်းပြီး တင်ဆက်ခဲ့ကြပါတယ်။ အခုအဖွဲ့ကို ပြန်လည်စုစည်းမယ်ဆိုတဲ့ သတင်းဟာလည်း လန်ဒန်အိုလံပစ်ပွဲအပြီး ၁၀ နှစ်အကြာမှ ပြန်လည် ထွက်ပေါ်လာတဲ့ သတင်းပါပဲ။