နေပြည်တော်၊ ၂၇ ဒီဇင်ဘာ

 

စပါးသည် မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးသည့် အရေးပါသော စားသုံးသီးနှံဖြစ်သည်။ စပါးစိုက်တောင်သူအများစုသည် စပါးစိုက်ပျိုးရိတ်သိမ်းရာတွင် ရရှိသော စပါးကိုသော်လည်းကောင်း၊ ဆန်အဖြစ်သို့ ကြိတ်ခွဲ၍သော်လည်းကောင်း ရောင်းချကြသည်။ စပါးပင်မှရရှိသော ကောက်ရိုးကို စုဆောင်း၍ အသုံးချမှုမှာ အလွန်နည်းပါးသည်။

 

သို့ဖြစ်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၏ လမ်းညွှန်မှုဖြင့် စပါးဇီဝဥယျာဉ်ဌာနစုရှိ သုတေသနပညာရှင်များသည် စပါးပင်၏ အစိတ်အပိုင်းများ အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်လျက် စပါးသီးနှံ ရိတ်သိမ်းခြင်းမှ ရရှိသော ဘေးထွက်ပစ္စည်း ကောက်ရိုးမှ စက္ကူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းသုတေသန၌ ကောက်ရိုးဖြင့် စက္ကူပြုလုပ်ရာတွင် အဓိကလိုအပ်သော ပါဝင်ပစ္စည်းများမှာ ကောက်ရိုး၊ ထင်းရှူးဆီ၊ ဆိုဒီယမ်ဆီလီကိတ်၊ ကော် (ကစီဓါတ်)၊ ကျောက်ချဉ်၊ တာကမ်ပေါင်ဒါ၊ ဆိုဒါမှုန့်၊ ဆိုးဆေးများနှင့် ရေတို့ဖြစ်ကြောင်း၊ ကောက်ရိုးစက္ကူ ပြုလုပ်ခြင်း သုတေသနတွင် အရည်အသွေးကောင်းစက္ကူ ရရှိရန်အတွက် အဓိကဖြစ်သော ပျော့ဖတ်၏ အရည်အသွေး ကောင်းမွန်ရန်အတွက် အသုံးပြုသည့် ဓာတုပစ္စည်း အမျိုးအစားနှင့် အချိုးအစား၊ ကောက်ရိုးပြုတ်ချိန်နှင့် ရရှိလာသော ပျော့ဖတ်ကို ကြိတ်ချေစက်ထဲသို့ထည့်၍ စက်လည်ပတ်မှု ကြာချိန်တို့ကို သိရှိရန်အတွက် ဌာနစု တာဝန်ခံ ဒေါက်တာဥမ္မာခင်နှင့် သုတေသနပညာရှင်များက သုတေသနပြု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းသုတေသနသည် စပါးစိုက်တောင်သူများအား စပါးပင်၏ ဘေးထွက်ပစ္စည်းဖြစ်သော ကောက်ရိုးကို အသုံးပြု၍ စက္ကူပြုလုပ်ခြင်းနည်းပညာ မျှဝေပေးမည် ဖြစ်သောကြောင့် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ပြင်ပ အပိုဝင်ငွေရရှိမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ စပါးပင်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ကောက်ရိုးကို အသုံးပြု၍ စက္ကူပြုလုပ်ခြင်း သုတေသနကို ဆောင်ရွက်ခြင်းဖြင့် စပါးကောက်ရိုးမှ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သော ပုံနှိပ်ရန် စက္ကူ၊ စက္ကူအနှောင့်များ၊ စက္ကူဖိုင်များ၊ ဖိတ်စာကတ်၊ လိပ်စာကတ်၊ စက္ကူအိတ်များ ပြုလုပ်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မေမိုးသဲ

 

mdn