နေပြည်တော် နိုဝင်ဘာ ၁

စပါးခွံလောင်စာသုံး Gasifier များနှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပမှ တင်သွင်းသော Gasifier များကွာခြားချက်၊ ပြည်တွင်းမှထုတ်လုပ်ရာတွင် ထည့်သွင်းတပ်ဆင် သည့်အချက်များ၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန်တို့နှင့် ပတ်သက်သည့် စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌  ကျင်းပသည်။

အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ နည်းပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် “စပါးခွံ လောင်စာသုံး Gasifier နည်းပညာဆိုင်ရာကော်မတီ” နှင့် “စပါးခွံ လောင်စာသုံး Gasifier  နည်းပညာဆိုင်ရာဆပ်ကော်မတီ” တို့ကို ဖွဲ့စည်းထားရှိပြီး ဝန်ကြီး ဌာနများရှိ ကော်မတီများ နှင့်ချိတ်ဆက်၍ Standard Operating Procedure (SOP) ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနတွင် စက်မှုမှတ်ပုံတင်ထားသည့် စပါးခွံဓာတ်ငွေ့သုံး စက်မှုလုပ်ငန်း (၆၁၁)ခုတွင် လျှပ်ထုတ်စက် တွဲဖက်အသုံးပြုသော လုပ်ငန်းပေါင်း (၃၁၇)ခု ရှိပြီး တိုက်ရိုက်အင်ဂျင်သုံး လည်ပတ်သည့်လုပ်ငန်း (၂၉၄)ခုရှိကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင် Standard Operating Procedure (SOP) (မူကြမ်း) အား မြေပြင်အခြေအနေဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရန် အကောင်းဆုံးဖြစ်သည့် SOP ပေါ်ထွက်လာပြီး အတည်ပြုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ ဆွေးနွေးရရှိလာသည့် နည်းပညာ များကို Gasifier ထုတ်လုပ်သုံးစွဲသူများအား ဆက်လက်ဖြန့်ဝေ ၍ Biomass မှတစ်ဆင့် လျှပ်စစ် ထုတ်လုပ်သုံးစွဲသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် Gasifier နှင့်ပတ်သက်သည့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (SOP) မူကြမ်းအား ပြုစု ရေးဆွဲ၍ သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေပေးပို့ထားပြီးဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက် သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသေးသဖြင့် Gasifier များမှ ထုတ်လုပ် သော လျှပ်စစ်ဓာတ်အား များသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ Gasifier နှင့်ပတ်သက်၍ လိုအပ်သည့် ပညာရပ်ဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက Gasifier များကို မြန်မာ့ ရေ၊ မြေ၊ သဘာဝနှင့်ကိုက်ညီမှုရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ Gasifier နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ နည်းပညာ၊ ဒီဇိုင်းပိုင်းဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရေးအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ Gasifier နှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရေ၊ မြေ၊ သဘာဝ၊ ဓန အင်အားတို့ကို စနစ်တကျခွဲခြမ်းစိတ်ဖြာတွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက Gasifier SOP ဆိုင်ရာများ၊ Gasifier နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များ၊စပါးခွံ လောင်စာသုံး နည်းပညာ ဆိုင်ရာ ဆပ်ကော်မတီဖွဲ့စည်းမှုနှင့် ဆောင်ရွက်ချက်များ၊ Gasifier နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်နှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်