မြင်းမူ၊ ၅ ဖေဖေါ်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား လယ်ယာပစ္စည်းဖြစ်သည့် စပါးခွံဖြင့် ပေါင်းခံရည်ပြုလုပ်ကာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့်အပင် အားဆေးများ ပြုလုပ်သုံးစွဲခြင်း လက်တွေ့ပြသခြင်းကို၊ ဖေဖေါ်ဝါရီ ၄ ရက်နေ့က မြင်းမူမြို့နယ် လက္ကပင် ကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လွယ်ကူစွာ ပြုလုပ်နိုင်ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများအတွက် များစွာအကျိုးပြုနိုင်သည့် နည်းပညာ တစ်ရပ်ဖြစ်ပါကြောင်း၊ အသုံးပြုရမည့်ပစ္စည်းများကိုလည်း ပြသပေးထားပါကြောင်း၊ အဓိကကတော့ စပါးခွံများကို မီးရှို့ကာ ပိုက်မှထွက်ရှိလာသည့် ပေါင်းခံရေကိုရယူခြင်းပင် ဖြစ်ကြောင်း၊ နည်းပညာများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဘွဲ့ရအသင်းမှ လာရောက်ပြသကာ ပေါင်းခံရည်ပြုလုပ်သည့် ပစ္စည်းများကို ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း ၊ဂျပန်နိုင်ငံလယ်ယာစိုက် ပျိုးရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုလျှက်ရှိကြောင်းလည်း သိရှိရကြောင်း၊ မိမိတို့မြို့နယ် အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများအား ယခုကဲ့သို့လက်တွေ့ပြသဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးရဲမြင့်သိန်းထံမှ သိရှိရသည်။
ပေါင်းခံရည်ထွက်ရှိမှုအနေဖြင့် စပါးခွံတင်း(၄၀)လျှင်(၁၀)လီတာခန့် ရရှိနိုင်ပြီး အသုံးပြုရန် အတိုင်းအတာအနေဖြင့် ပေါင်းခံရည်(၁)လီတာအား ရေ(၅ဆမှ၁၀)အထိရောစပ်ကာ အပင်ငယ်များ ကိုသေစေနိုင်သည့် ပေါင်းသတ်ဆေးအဖြစ်လည်းကောင်း၊ ရေ(၅၀ဝဆမှ၇၀ဝ)အထိ ရောစပ် အသုံးပြုပါက အမြစ်/အရွက်/အသီး/အပွင့်အားကောင်းစေသည့် အပင်အားဆေးအဖြစ်လည်းကောင်း၊ စားဖိုချောင်သုံး ဟင်းချက်ပစ္စည်းများနှင့် ရောစပ်ကာ မှိုနှင့်အခြားပိုးမွှား အန္တရာယ် ကာကွယ်ဆေးများအဖြစ် ပြုလုပ်သုံးစွဲနိုင်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


