ပဲခူး၊    ၁၅  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဓာတ်အား ပို့လွှတ်ရေး စီမံကိန်း(တောင်ပိုင်း) စီမံကိန်းညွှန်ကြားရေးမှူးနှင့်အဖွဲ့က တောင်ငူ(စပါးကြွယ်)မှ ပဲခူး (ဘောနတ်ကြီး)အထိ ၅၀ဝ ကေဗွီအေ ဓာတ်အားလိုင်းသစ်ကြီးဆွဲရန် မြေပြင်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ လာရောက်ရှင်းလင်းတင်ပြသည်။

 

mdn

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်း(တောင်ပိုင်း)၊ စီမံကိန်းညွှန်ကြားရေးမှူး ဦးမင်းနိုင်က ၅၀ဝ ကေဗွီအေ စပါးကြွယ်(တောင်ငူ)-ဘုရားကြီး ဓာတ်အားလိုင်း ဆောင်ရွက်နေမှု အခြေအနေ၊ ၅၀ဝ ကေဗွီအေ ဘုရားကြီး-အနောက်ပိုင်း တက္ကသိုလ်(လှိုင်သာယာ) ဓာတ်အားလိုင်းဆောင်ရွက်သွားမည့်အခြေအနေနှင့် ၂၃၀ ကေဗွီအေ ကမာနတ် ဓါတ်အားခွဲရုံ တိုးချဲ့ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က နိုင်ငံတော်မှ ရေရှည်အကျိုးမျှော်မှန်းသည့် စီမံကိန်းဖြစ်၍ မြေပြင်တွင် ပျက်စီးသွားသည့် သီးနှံ လျော်ကြေးကိစ္စရပ်များကို လည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက မြေပြင် ကွင်းဆင်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်၍ သက်ဆိုင်ရာနယ်မြေအလိုက် သီးနှံလျော်ကြေးများ  စနစ်တကျ မှန်မှန်ကန်ကန်နှင့် တောင်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက် ပေးသွားမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ စပါးကြွယ်(တောင်ငူ)-ဘုရားကြီး ဓာတ်အားလိုင်းသည် (၁၀၈ ဒသမ ၃၄) မိုင်ရှည်လျားပြီး တာဝါတိုင်ပေါင်း (၃၆၉) တိုင်ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေထိ (၅၉)တိုင်အား ဖောင်ဒေးရှင်းဆောင်ရွက်ထားပြီးဖြစ်ရာ ၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းများ အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကမာနတ်ဓာတ်အားခွဲရုံကိုလည်း ထပ်မံအဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)