ဂန့်ဂေါ ၂၀ ဇူလိုင်

 

ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီစပါး မျိုးစေ့ထုတ်လုပ်ငန်းများကို ဇူလိုင်လဆန်းမှ စတင်၍ စပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက် ရှှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဇူလိုင် ၁၉ ရက်က နှမ်းခါးကျေးရွာအုပ်စု၊ တော်ဝင်ကျေးရွာရှိ စပါး မျိုးစေ့ထုတ်စိုက်ခင်းအတွက် ပျိုးထောင်ခြင်းလုပ်ငန်းဆောင်ရွက်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ကူညီပေးခဲ့ကြကြောင်း သိရသည်။ ဂန့်ဂေါမြို့ နယ်၌ ဇူလိုင်လဆန်းမှစတင်၍ စပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ပျိုးထောင် စိုက်ပျိုးလျက် ရှိကြရာတွင် စပါးမျိုးစေ့များကို ဆားရည်စိမ်ခြင်း၊ မျိုးညှောင့်ဖောက်ခြင်း၊ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းများကို ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါလုပ်ငန်းအတွက် ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်သည် ဂန့်ဂေါမြို့နယ် ကြက်ရိုးကျေးရွာနှင့် ကန်ကျေးရွာတို့တွင် မျိုးစေ့ထုတ်စိုက်ခင်း စတင်စိုက်ပျိုးနေမှုအားလည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်သည် နှမ်းခါးကျေးရွာနှင့် တောင်ခင်ရန်းကျေးရွာတို့၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် ဆင်းသုခစပါးမျိုး ပျိုးထောင်နေမှုများကို လည်းကောင်း ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်များက ကွင်းဆင်းကြီးကြပ်ကြကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အကျိုးဆောင် တောင်သူဦးကြီးများနှင့်တွေ့ဆုံကာ စိုက်ပျိုးနည်းပညာများ ဆွေးနွေးခဲ့ကြသည်။

 

ဂန့်ဂေါမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာ၊ မျိုးစေ့နှင့် လုပ်အားခ အထောက်အပံ့များဖြင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဆင်းသုခစပါး မျိုးသန့်မျိုးပွားမျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့အဖြစ် စပါးမျိုးစေ့ထုတ် စိုက်ခင်းဧက ၄၀၀ ကို စိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် ကျေးရွာပေါင်း ၁၀ ရွာမှ အကျိုးဆောင် တောင်သူများ၊ မျိုးစေ့ထုတ်အသင်းများနှင့် ယောအားမာန် မျိုးစေ့ထုတ်သမဝါယမ အသင်းလီမိတက် တို့က ပူးပေါင်း စိုက်ပျိုးထုတ်လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

 

တောင်သားမောင်သန်း

 

mdn