နေပြည်တော် မေ ၆
“စပ်မျိုးနေကြာ၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ”ကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ၂၀၂၂-၂၀၂၃ မိုး နှင့် ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံစိုက်ဧက တစ်သန်းကျော် စိုက်ပျိုးခဲ့ရာ၌ ဧကတစ်သိန်း လေးသောင်းခန့်သာ အထွက်နှုန်းကောင်းသည့် စပ်မျိုးနေကြာမျိုးများ အသုံးပြုနိုင်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း ၊ လာမည့်စိုက်ပျိုး ရာသီများတွင် နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေး နှင့် တစ်ဧကချင်း၏ အထွက်နှုန်း မြှင့်တင်နိုင်ရေးအတွက် နေကြာ မျိုးကောင်း မျိုးသန့်များကို ဦးစားပေး သုံးစွဲနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ဌာနပိုင် မျိုးစေ့ထုတ် ခြံများ၊ ပုဂ္ဂလိကမျိုးစေ့ထုတ် လုပ်ငန်းများက ထုတ်လုပ်သည့် နေကြာမျိုးများ နှင့် ပြည်ပမှ မျိုးစေ့တင်သွင်းမှုတို့ဖြင့် လာမည့် နေကြာစိုက်ပျိုးရာသီတွင် ဧကခြောက်သိန်းကျော်၌ မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြုနိုင်ရန် မျှော်မှန်းထားပါကြောင်း။
နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေး ရည်ရွယ်ချက်ကို မိမိတို့ ဝန်ကြီးဌာနက လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက်ရှိရာတွင် သီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေအမှန်များ သိရှိနိုင်ရေးအတွက် ဒေသအသီးသီးရှိ နေကြာစိုက်ခင်းများ၊ နေကြာမျိုးစေ့ထုတ်စိုက်ခင်းများကို ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးစေလွှတ်ပြီး စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
ပြည်တွင်းစားသုံးဆီဖူလုံရေး၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ နေကြာမျိုးစေ့ထုတ် လုပ်ငန်းများဖွံ့ဖြိုးလာရေးနှင့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများကိုယ်တိုင်ပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ် ကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင် က ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် နိုင်ငံ၏အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ နည်းပညာရှင် လူသားအရင်းအမြစ်များနှင့် ရှိပြီးဖြစ်သည့် ရေသယံဇာတ၊ မြေသယံဇာတ သဘာဝ အရင်းအမြစ်များကို အကျိုးရှိ ထိရောက်စွာအသုံးပြုကာ စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုအဖြစ် တိုင်းဒေသကြီး ပြည်နယ်များ၏ စံပြဖြစ် စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ အားလုံး ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌ နှင့် အခမ်းအနား တက်ရောက်လာကြသူများ၊ တောင်သူလယ်သမားများသည် စပ်မျိုးနေကြာ၊ မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားရှိမှုကို အနီးကပ်ကြည့်ရှုလေ့လာကြပြီး နေကြာမျိုးတစ်ခုချင်းကို စိတ်ကြိုက်ရွေးချယ်၍ ဆန္ဒသဘောထားမှတ်ချက်များပေးကြရာ သက်ဆိုင်ရာတာဝန်ရှိ သူများက မှတ်တမ်းတင်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်တာဝန်ရှိသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်တန်းခန်းမ၌ သင်တန်း တက်ရောက်လျက်ရှိသည့် အစိုးရ အထက်တန်းကျောင်း(၅၁)ကျောင်းတွင် တာဝန် ထမ်းဆောင်ကြမည့် စိုက်ပျိုးမွေးမြူရေး အထူးပြုဘာသာရပ် ဆရာဆရာမများ အားတွေ့ ဆုံကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဘာသာရပ်အလိုက်လေ့လာ သင်ယူခဲ့ပြီးသူများဖြစ်သော်လည်း မိမိတတ်သိနားလည်ထားသည့် နည်းပညာ အတတ် ပညာကို ပြန်လည်ပို့ချသင်ကြားပေးရမည့် လုပ်ငန်းဖြစ်၍ သင်ကြားရေးစနစ် သင်ကြားရေး နည်းပညာကို ယခုသင်တန်းမှ စနစ်တကျကြိုးပမ်း လေ့လာသွားကြရန် မိမိတို့ သင်ကြားလေ့ကျင့်ပေးလိုက်သည့် တပည့်များ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သူများ၊ အဆင့်မြင့်ပညာရပ်များ ဆက်လက်ဆည်းပူးလေ့လာနိုင်သူများ ဖြစ်စေရေးအတွက် မွန်မြတ်သော စိတ်စေတနာဖြင့် ကြိုးပမ်းအားထုတ်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
သတင်းစဉ်