ပုဗ္ဗသီရိ ၂၁ နိုဝင်ဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာတွင် ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က စပါးရိတ်သိမ်းနေသည့် ခြွေလှေ့စက်နောက်တွင် ကြွက်လိုက်ဖမ်းနေသော ကလေးငယ်တစ်ဦး ရိတ်ခြွေစက်ကြိတ်မိ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ပြည့်လျှမ်နှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကလေးငယ်တစ်ဦး ရိတ်ခြွေစက်ကြိတ်မိ၍ သေဆုံးကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဘဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၆၂၃-ခ)တွင် စပါးရိတ်သိမ်းနေသည့် ယာဉ်မောင်း ဦးငြိမ်းချမ်း (၂၅)နှစ်၊ မောင်းနှင်သည့် KUBOTA DC-70 အမျိုးအစား ရိတ်ခြွေစက်နောက်တွင် ကြွက်လိုက်ဖမ်းနေသော မောင်မိုးကျော်သူရ (ခ) အငယ်ကောင် (၈)နှစ်သည် ရိတ်ခြွေစက်ကြိတ်မိ၍ နေရာတွင်ပင် သေဆုံးလျက်တွေ့ရှိရသဖြင့် အလောင်းအား နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)