ရှိန်းခန့်ဇော်(ပင်းတယ)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ မြန်မာ့နယ်မြေတစ်ခွင် အနယ်နယ်အရပ်ရပ်တွင် လယ်ယာစပါးများကို စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် မြန်မာနိုင်ငံအတွင်းတွင် နေရာဒေသအသီးသီး၏ ရာသီဥတုကိုလိုက်၍ စိုက်ပျိုးချိန်များ ကွာခြားနိုင်သည်။ စိုက်ပျိုးချိန်ကွာခြားလျှင် ရိတ်သိမ်းချိန်လည်း ကွာခြားမည်ဖြစ်သည်။ ထိုသို့ စိုက်ပျိုးရာတွင် မိမိတို့၏ ရိုးရာဓလေ့အတိုင်း စိုက်ပျိုးကြ၊ ရိတ်သိမ်းကြသည်များလည်း ရှိကြသည်။

မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်တောင်ပိုင်း တစ်ခွင်တွင် ယာစပါးများကို နယုန်လ (ဇွန်၊ ဇူလိုင်)မှ စတင် စိုက်ပျိုးကြပြီး မိုးအကုန် ဆောင်းအကူး တန်ဆောင်မုန်းလ (နိုဝင်ဘာ၊ ဒီဇင်ဘာ) ဆောင်းခိုစအချိန်ကို ရောက်ရှိလာ သည်နှင့်အညီ သင်ဖြူးခင်းသည့်ပမာ ဝင်းမှည့်လေပြီ ဖြစ်သော ရွှေဝါရောင်စပါးခင်းများကို စတင်ရိတ်သိမ်းကြ သည်။ လယ်စပါးများကိုဖြင့် မိုးရွာသွန်းမှုအခြေအနေပေါ်မူတည်ပြီး စိုက်ပျိုးကြသည်။ သို့သော် လယ်စပါးများကို လည်း ဒီဇင်ဘာလ နောက်ဆုံးထား ရိတ်သိမ်းကြသည်။
ထိုသို့ စပါးများရိတ်သိမ်းရာတွင် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့အလျောက် တစ်နေရာနှင့်တစ်နေရာ မတူညီနိုင် ပေ။ မိမိတို့၏ ရိုးရာအတိုင်း စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများ တွင် ဧည့်ခံကျွေးမွေးခြင်းနှင့် အခြားသော လုပ်ဆောင်ခြင်း များတွင် ရိုးရာအတိုင်းပြုလုပ်ကြသည်များလည်း ရှိကြ သည်။ တိုင်းရင်းသားများထဲတွင် ဓနုတိုင်းရင်းသားတို့၏ တောင်ယာလုပ်ငန်းသည်လည်း ဓနုရိုးရာအတိုင်းသာ ပြုလုပ်ကြသည်။
ဓနုတိုင်းရင်းသားအများစု နေထိုင်ရာ ရှမ်းပြည်နယ် တောင်ပိုင်း ကလော၊ ရပ်စောက်၊ ပင်းတယနှင့် ရွာငံဒေသ များတွင် ဆောင်းရာသီအစ နိုဝင်ဘာ ဒုတိယရက်သတ္တပတ်မှ ဒီဇင်ဘာလအထိ လယ်ယာစပါးများကို ရိတ်သိမ်းကြသည်။ ထိုသို့ လယ်ယာစပါးများရိတ်သိမ်းရာတွင် ဓနုတိုင်းရင်းသား တို့၏ ဓလေ့ရိုးရာများ ရှိပေသည်။
လယ်ယာများကို အိမ်များတွင် သိမ်းဆည်းသိုလှောင် နိုင်ရန် စပါးရိတ်ချိန်တွင် စိုက်ပျိုးထားသော လယ်ဧက အနေအထားပေါ်မူတည်၍ တစ်နေ့အတွင်း အပြီးရိတ်သိမ်း နိုင်အောင် လူအင်အားများစွာဖြင့် ရိတ်သိမ်းကြသည်။ တစ်နေ့အတွင်းအပြီးရိတ်နိုင်ခြင်း မရှိခဲ့လျှင်လည်း နောက်ရက်တွင် ရိတ်သိမ်းနိုင်သည်။ ထိုသို့တစ်နေ့အတွင်း အပြီးရိတ်သိမ်းကြခြင်းမှာ တစ်နေ့အတွင်းအပြီးရိတ်သည် ဖြစ်သဖြင့် စပါးများ နေလှန်းချိန်မညီမျှသဖြင့် ယာပုတ်ချိန်၊ လယ်ပုတ်ချိန်များတွင် အခြောက်ညီနိုင်ရန်အတွက်သာ ဖြစ်သည်။ စပါးရိတ်သည့်နေ့တွင် မိမိ၏ထမင်းထုပ်ဖြင့်သာ လာရောက်ကြရသည်။ ထိုသို့ စပါးများရိတ်ပြီး နှစ်ရက် သုံးရက်မျှ နေလှန်းကြပြီးမှ စပါးပုတ်ခြင်းဖြစ်သည်။
စပါးပုတ်ရာတွင် စိုက်ဧကပေါ်မူတည်၍ လူအများဖြင့် စုပေါင်းသိမ်းကြသည်။ စပါးပုတ်တော့မည်ဆိုလျှင် ပုန်းမကြည်စောင့်သောနတ်ကို ဆွမ်းဦးတင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရသည်။ ပုန်းမကြည်စောင့်နတ်ကို ဓနုဒေသ တွင် ဘုန်းသူကြွယ်၊ ပုန်းသူကြွယ်၊ ဘုန်းကြယ်ဟုလည်း ခေါ် ကြသည်။ ထိုပုန်းမကြည်စောင့်နတ်အား ဆွမ်းဦး တင်ခြင်း၊ ကောက်ဆုပ်သယ်သူများက ပုန်းမကြည်ကို ပင့်ဖိတ် ခြင်းအားဖြင့် စပါးအလေအလွင့်နည်းခြင်း၊ စပါးအထွက် တိုးခြင်း၊ အချိန်တိုတိုနှင့် ပြီးလွယ်ခြင်း၊ စပါးများ စားရသည် မှာ အနှစ်သာရရှိခြင်းနှင့် စပါးများကို အိမ်များတွင် သိမ်းဆည်းသိုလှောင်ထားရာတွင် တာရှည်စွာခံနိုင်ခြင်း ဟူသည့် အယူအဆများဖြင့် ပင့်ဖိတ်ပြီး ဆွမ်းဦးတင်ကြ သည်။ ထိုသို့ဆွမ်းဦးတင်ရာတွင် မနက်ခင်းအချိန်က အိမ်တွင်မည်သူမျှ မစားရသေးသော ဆွမ်းဦးကို ခူးပြီး ငှက်ပျောရွက်တွင် တစ်ထုပ်ထုပ်ရသည်။ ပြီးလျှင် ပဲပုပ် စစ်စစ်ဖြင့် ပြုလုပ်ထားသော ပဲပုပ်ကို တစ်ထုပ်ထုပ်ရ သည်။ ပဲပုပ်ဆက်များကို သင့်တော်သလို ထည့်နိုင်ပါသည်။ ထိုထမင်းထုပ်နှင့် ပဲပုပ်ထုပ်ကို ပူးတွဲချည်နှောင်ထားရမည်။
ဧည့်ခံကျွေးမွေးခြင်းအတွက်လည်း ကြိုတင်ပြင်ဆင်ရ သည်။ ထိုသို့ လယ်ပုတ်၊ ယာပုတ်ရာနေရာတွင် ကျွေးမွေးရန် အတွက် ဓနုဒေသထွက် အစားအစာများဖြစ်သော လက်ဖက်သုပ်၊ ကန်စွန်းဥပြုတ်၊ ဟင်းထုပ်၊ မုန့် လက်ကောက်၊ မုန့်လက်ကွင်း၊ ပင်စိမ်းသီးထောင်း၊ တိုဟူးသုပ်၊ မုန့်ဖတ်သုပ်၊ ကင်ပေါင်းကြော်များ၊ ပဲကြော် များ၊ ဆီထမင်း၊ ထမင်းကြော်စသည်ဖြင့် စုံလင်စွာသော စားစရာများဖြင့် ဧည့်ခံကျွေးမွေးနိုင်ရန်အတွက် ပြင်ဆင် ရသည်။ ထိုသို့ပြင်ဆင်ပြီးသည့်စားစရာများကို ထမင်းထုပ် နှင့်ပဲပုပ်ထုပ် ပူးတွဲထုပ်ထားသည်ကို ပုတ်တောင်း (ဒေသအခေါ် ခွဲတောင်း သို့မဟုတ် ဆယ်ပြည်ဆံ့သော တောင်း)ထဲတွင် ထည့်ထားရမည်။ ထိုသို့ထည့်ထားသော ခွဲတောင်းကို လယ်ပုတ်၊ ယာပုတ်ရာသို့ ယူဆောင်သွားရ မည်။

ထိုသို့ စားစရာမျိုးစုံနှင့် ပူးတွဲချည်ထားသော ထမင်းထုပ်၊ ပဲပုပ်ထုပ်များပါသည့် ခွဲတောင်းပေါ်တွင် မပုတ်ရသေးသော ကောက်ဆုပ်ခုနစ်ဆုပ်ကို တင်ပြီး လယ်ကွင်း၊ ယာကွင်းထဲတွင်ရော၊ ယာပုတ်၊ လယ်ပုတ် နေသည့်နေရာများမှာပါ "ဘုန်းသူကြွယ်မ စောပြည့်ဝ စားလေ့ကြ၊ သောက်လေ့ကြ၊ အံလေ့ကြ၊ ချေးယိုလေ့ကြ၊ သေးယိုလေ့ကြ၊ စပါးများများရပါစေ၊ အလေအလွင့် နည်းပါစေ" ဟု အော်ကာ စပါးပုတ်သည့်နေရာ၏ တစ်နေရာရာတွင် နတ်တင်သကဲ့သို့ တင်ထားရသည်။ ထို့နောက် စပါးပုတ်သမားများ၊ ကောက်ဆုပ်သမားများ အနားယူချိန်ရောက်လျှင်လည်း နှုတ်မှ ထိုသို့ရွတ်ဆိုပြီး စပါးပုံအနီးတွင် လှည့်လည်အော်ဆိုပြီးမှ တောင်းထဲတွင် ပါလာသော ပူးတွဲထုပ်ထားသည့် ထမင်းထုပ်နှင့် ပဲပုပ်ထုပ် ကို စပါးပုံထဲတွင် မြှုပ်နှံခဲ့ပြီး စပါးပုတ်သူ၊ ကောက်ဆုပ် သယ်သူအားလုံးက တောင်းထဲတွင် ကျန်ရှိနေသော စားစရာ များကို ဝိုင်းဖွဲ့စားသောက်ကြခြင်းဖြစ်သည်။ ထို့နောက် စပါးပုတ်ရာတွင် နောက်ဆုံးသော ကောက်ဆုပ်သယ်သူသည် ပုန်းမကြည် သို့မဟုတ် ဘုန်းသူကြွယ် သို့မဟုတ် ဘုန်းကြယ် များကို "ဘုန်းသူကြွယ်မ စောပြည့်ဝကို စားစေဖို့၊ သောက်စေဖို့၊ အံစေဖို့ ခေါ်ခဲ့ပါ" ဟု စပါးပုတ်သူများက မှာကြားရသည်။ ထိုသို့ မှာကြားလာသည်နှင့် မိမိက နောက်ဆုံး ကောက်ဆုပ်သယ်သူဖြစ်ခဲ့မည်ဆိုလျှင် ကောက်ဆုပ်များကို သယ်ယူရင်းဖြင့် "ဟေး…ဘုန်းသူ ကြွယ်မ စောပြည့်ဝ လာစားလေ့ကြ၊ လာသောက်လေ့ကြ၊ လာအံလေ့ကြ" ဟု ခေါ်ဆိုပေးရမည်ဖြစ်သည်။ စပါးများ ပုတ်ပြီး လှေ့ပြီးသည်နှင့် စပါးများကို အိမ်သို့သယ်ဆောင်ရန် အိတ်တွင်ထည့်ကြသည့်အခါ ထမင်းထုပ်နှင့် ပဲပုပ်ထုပ်များ ကိုလည်း စပါးများနှင့်အတူ အိတ်ထဲသို့ ထည့်ရသည်။ အိမ်သို့ရောက်သည်နှင့် စပါးများကို အိတ်ထဲတွင်ဖြစ်စေ၊ စပါးကျီများထဲတွင်ဖြစ်စေ နှစ်ရှည်ခံနိုင်သည့်နည်းဖြင့် အမျိုးမျိုးသိုလှောင်သိမ်းဆည်းထားကြသည်။

စပါးများကို ပုတ်ရာတွင် ခင်းထားသောမိုးကာပေါ်တွင် ပုတ်ခုံများကို တင်ပြီး ဝိုင်းဖွဲ့ပုတ်ကြသည်။ ရှေးယခင်က စပါးများ ပုတ်ပြီးသည်နှင့် ပုတ်ရပ်များဖြင့် စပါးလှေ့ကြသော် လည်း ယနေ့ခေတ်၌ စပါးလှေ့ရာတွင် အများအားဖြင့် ပေါင်းရှင်းစက် (တောရန်းစက်)များတွင် ပန်းကန်ကြီးများကို တပ်ဆင်ကာ စပါးပုံအပေါ်မှဝဲ၍ စပါးလှေ့ကြသည်။ ယနေ့ ခေတ်မီတိုးတက်နေသော စက်မှုလယ်ယာခေတ်ဟုဆိုနိုင် သော်လည်း ဓနုဒေသ စပါးရိတ်သိမ်းရာတွင် စပါးရိတ်သိမ်း စက်များကို အသုံးချမှုမရှိသလောက် နည်းပါးနေသေး သည်။ သို့သော် ရှေးရိုးရာအစဉ်ဓလေ့များသည် ချစ်စရာ ကောင်းသောဓလေ့များဖြစ်သည်ကို ဆက်လက် သက်သေ ပြလျက်ရှိသည်။

စပါးပုတ်ခြင်းပြီးဆုံးပါက ညနေစာကို အိမ်တွင် တည်ခင်းဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ကြသည်။ စပါးပုတ်ရာတွင် ပါဝင်သူများသာမက ရွာလုံးကျွတ် မည်သူမဆို လူကြီးလူငယ်မရွေး လာရောက်စားသောက် နိုင်သည်။ လာရောက်စားသောက်ရာတွင် အသားငါးဟင်း

များကို တစ်မျိုး၊ နှစ်မျိုးမျှ ကျွေးမွေးပြီး အခြားသောဟင်းများကို ဒေသထွက် အသီး အနှံများဖြင့် ဟင်းဖက်လိုက်အောင် ချက်ပြုတ်ကျွေးမွေးကြသည်။ အများအားဖြင့် ကျွေးလေ့ရှိကြသည့်ဟင်းများမှာ ပဲလုံးဆေးခါးဟင်းနှင့်ဂျူးမြစ်ကြော်၊ ရွှေဖရုံသီးဟင်းနှင့် ပဲပုပ်ထောင်း၊ ဘူးသီးဟင်းချိုရည်ချက်ပြီး ကင်ပေါင်းကြော်ပေးခြင်း၊ အခြားသော ပဲအမျိုးမျိုးမှ တစ်မျိုးမျိုးကို ဟင်းရည်ချက်ပြီး လိုက်ဖက်သော ဟင်းဖြင့်တွဲချက်ကာ ‌ဂေါ် ဖီထုပ်သုပ်၊ မုန့်ကြွပ်၊ ငရုတ်သီးအစိမ်းကြော်၊ ငရုတ်သီး အမှည့်ကြော်များဖြင့် ယှဉ်တွဲပြီး ကျွေးမွေးလေ့ရှိသည်။ ထမင်းများကို အားပါးတရချက်ထားပြီး လာရောက်သူမှန်သမျှ အားရပါးရ လွေးကြဖို့ အိမ်ရှင်က တိုက်တွန်းစကားဆိုလေ့ရှိသည်။

အသက် တစ်ဆယ့်ရှစ်နှစ်နှင့်အထက် ယောက်ျားလေးများအတွက် အရက်၊ ဘီယာ စသည်ဖြင့် မိမိတို့ စိတ်ကြိုက်သောက်နိုင်အောင် အမြည်းတစ်စုံတစ်ရာဖြင့် ဧည့်ခံပေး ကြသည်။ အရက်သောက်သူများကသောက် ထမင်းစားကြသူများက စားကြဖြင့် စားကြ သောက်ကြသည်။ ထမင်းစားပြီးသည်နှင့် ဂျင်း(ချင်း) သုပ်၊ လက်ဖက်သုပ်၊ နေကြာစေ့၊ ချိုချဉ်နှင့် မုန့်အမျိုးမျိုးတို့ဖြင့်လည်း ဧည့်ခံကြသေးသည်။ ထိုသို့ဧည့်ခံခြင်းကို တစ်ညလုံး အချိန်အကန့်အသတ်မရှိ လာသမျှလူအားလုံးကို ကျွေးမွေးကြသည်။ လာရောက် စားသောက်ကြသူဧည့်သည်များ အိမ်မှပြန်မှသာလျှင် လယ်ပုတ်၊ ယာပုတ်ခြင်း ပြီးဆုံးသည်ဟု ဆိုသည်။ ထိုသို့ပြုလုပ်ရာတွင် အိမ်နီးချင်းများက လာရောက်ကူသူကကူကြ၊ စားသူကစားကြ၊ သောက်သူကသောက်ကြဖြင့် ဓနုဒေသသို့ မရောက်ဖူးသူများသည် ထိုသို့သောစပါးပုတ်သည့်နေ့တွင် ကျင်းပသည့် ညများတွင် "ထိုအိမ်က ဘာပွဲလုပ် နေသလဲ" ဟု မေးလေ့ရှိသည်။ မေးလောက်စရာပင် ဖြစ်သည်။ ဓနုဒေသ၏ တောင်ယာ စပါး၊ လယ်စပါးပုတ်သည့် ညသည် အိမ်ရှင်မိသားစု အလှူကြီးပေးနေသောညဟု ဆိုကြ ပေသည်။

ဓနုရိုးရာဓလေ့အရ မည်သည့်ပွဲကိုကျင်းပသည်ဖြစ်စေ လက်စားလျှို လက်စားဆပ် စနစ်ဖြင့်ပြုလုပ်ကြသကဲ့သို့ ထိုသို့စပါးများပုတ်ရာတွင်လည်း အခကြေးငွေပေးခြင်းဖြင့် ပုတ်ကြခြင်းမဟုတ်ပေ။ ထိုသို့လက်စားလျှို လက်စားဆပ်စနစ်ဖြင့်သာ ဝိုင်းဝန်းလုပ်ကိုင်ကြ သည်။ စပါးတစ်ခင်းပြီးမှ နောက်တစ်ခင်း ပုတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည်လည်း စည်းလုံးခြင်းကို ပြသရာရောက်ပေသည်။

ထိုသို့သော ဓနုတိုင်းရင်းသားတို့၏ ယာပုတ်၊ လယ်ပုတ်သော ဓလေ့သည် အခြားသောတိုင်းရင်းသားများနှင့် အသွင်မတူသော ဓလေ့တစ်ခုဖြစ်နေသည့်အတွက် ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်လှပေသည်။ အလှူဒါနရက်ရောသော ဗုဒ္ဓဘာသာ တိုင်းသည် ကိစ္စတစ်ခုပြုလုပ်သည်နှင့် ကျွေးကြ၊ မွေးကြ၊ လှူကြသည်မှာ ချစ်စရာ ဓလေ့များ ဖြစ်ပေသည်။ ဓနုဒေသ၏ တောင်ယာလုပ်ကိုင်ကြသော တောင်သူများ၏ စပါးသိမ်းချိန်သည်လည်း တစ်နေ့တစ်အိမ်မကဘဲ အလှူပေးနေသည့်အလားပင်။ စပါးသိမ်းချိန်ဖြစ်သည့် ယခုကဲ့သို့ဆောင်းဝင်စအချိန်များတွင် စပါးသိမ်းနေသည့် ရှုခင်းအလှများကို လာရောက်ရှုစားကာ၊ ဓနုဒေသ စပါးသိမ်းချိန် ဓလေ့များကို မျက်မြင်ကိုယ်တွေ့ခံစားစေလိုသောအားဖြင့် ဓနုမြေသို့အလည် တစ်ခေါက် လာရောက်ဖို့ ဖိတ်ခေါ်ရင်း… ။
စပါးများ ရိတ်သိမ်းပြီးချိန်ရောက်ပြီဖြစ်သဖြင့် မကြာမီအချိန်တွင် ကောက်သစ်စားပွဲ များကို ဓနုဒေသ တစ်ခွင်တွင်ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတော့မည်ဖြစ်သည်။ ။

ကြေးမုံ