ရေတာရှည် ၂၀ အောက်တိုဘာ

 

လယ်ယာကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်ကြရသည့် ကျေးလက်နေ တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော သီးနှံများပေါ်ချိန်တွင် ဈေးကွက်ကောင်းမွန်ခြင်း မရှိသည့်အတွက် အစစ အရာရာ အရှုံးပေါ်လျက်ရှိကြောင်း တောင်သူများထံမှ သိရှိရသည်။

 

အောက်တိုဘာ ၁၅ ရက် နေ့စွဲပါ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စပါးများကို ၄၆ ပေါင်းကိုက် တင်း ၁၀ဝ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ဝယ်ယူရန် ဈေးနှုန်းသတ်မှတ်ပေးခဲ့သော်လည်း တောင်သူများ၏ လက်ရှိပကတိ အခြေအနေနှင့် လိုက်လျောညီထွေမှု မရှိကြောင်း သုံးသပ်ပြောကြားမှုများ ရှိနေသည်။

 

လက်ရှိ ကျွန်တော်တို့ ကျေးလက်ဒေသက တောင်သူတွေအနေနဲ့ စပါးခြင်တွယ်ရာမှာ မိရိုးဖလာ ၁၆ ပြည်တင်းကို သုံးကြတယ်။ ကတ္တားနဲ့ခြင်ရင် ၄၆ ပေါင်ကိုက် တစ်တင်းကို ၁၈ ပြည်လောက်ဖြစ်သွားတော့ အခု တောမှာလာဝယ်ကြည့် ဘယ်တောင်သူကမှ မရောင်းကြဘူးဗျ။ နောက်တစ်ခုက တောင်သူတွေအနေနဲ့ကျတော့ စပါးကို ခြောက်အောင်ထိ မလုပ်နိုင်ကြဘူးလေ။ စပါးသယ်ရတာ အခြောက်လှန်းဖို့ ငှားရတာတွေထပ်ကုန်တယ်၊ ဒါကြောင့်လဲ အခုစက်နဲ့ ရိတ်ရိတ်ပြီးတာနဲ့ ပွဲစားခေါ်ပြီး ဒေသပေါက်ဈေးနဲ့ ရောင်းတာဆိုတော့ တင်း ၁၀ဝ မှ ၄ သိန်း ၂ သောင်း၊ ၄ သိန်း ၄ သောင်းပဲရတယ်။ ဒါတောင် အကြွေးရောင်းရတာ၊ ပေးရမဲ့အကြွေးတွေက အတိုးတွေတက်တော့ မနေနိုင်ကြတော့ ရောင်းရတာပဲဟု သပြေတန်းကျေးရွာနေ တောင်သူ တစ်ဦးက ပြောသည်။

 

ယခုနှစ်မိုးရာသီတွင် ရာသီအပြောင်းအလဲကြောင့် စပါးခင်းများ ဖျက်ပိုးများကျရောက်ခြင်း၊ စပါးမျိုးသစ်များ စိုက်ပျိုးနိုင်းခြင်း မရှိသည့်အတွက် တစ်ဧလျှင် တင်း ၅၀ နှင့် ၆၀ ကြားသာ ထွက်ရှိကြရာ သွင်းအားစုကုန်ကျစရိတ်အနေဖြင့် ကျပ် ၃ သိန်းဝန်းကျင် ကုန်ကျမှုများရှိ၍ အရှုံးပေါ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)