ရေဦး  ၁၅  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တစ်ရက်လျှင်  စပါးတင်း ၅၀၀ ဆံ့ စပါးအခြောက်ခံစက် ဖွင့်ပွဲနှင့် သရုပ်ပြမိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ စက်ရုံး၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူ ဦးခင်မောင်ဇင် က လုပ်ငန်းလမ်းညွှန်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးမောင်မောင်လွင်က စပါးအခြောက်ခံစက်နှင့် ပတ်သက်၍ လက်တွေ့ ရှင်းပြကာ  စက်မှထွက်ရှိလာသော စပါးများ၏ အရည်အသွေးကို ကြည့်ရှုအကဲဖြတ်ကြသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူး ဦးခင်‌‌မောင်ဇင်က “စစ်တိုင်းဒေသကြီးအတွင်းမှာ ရွှေဘို၊ ကလေး၊ ချောင်းဦး၊ ရေဦးမြို့ အပါအ၀င် လေးမြို့နယ်တွင်သာ စပါးအခြောက်ခံစက်ရှိတာ ဖြစ်ပါတယ်၊ အဓိကအားဖြင့် ဒေသခံတောင်သူများက မိမိတို့တွက် အကျိုးပြု လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို နားလည်စေလိုတယ်၊ ရာသီဥတုဖောက်ပြန်လာရင် စပါးအစိုဓာတ်များလာမယ်၊ စပါးအစိုဓာတ် များရင် ဈေးကွက်မရှိဖြစ်ပြီး စားသုံးသူတွေဘက်လည်း အကျိုးမရှိဖြစ်မယ်၊ ဒါ့ကြောင့် ဈေးကွက်လည်း၀င် စားသုံးသူလည်း အဆင်ပြေစေမည့်  ရိတ်သိမ်းပြီးစပါးများ တစ်ရက်အတွင်း အမြန်ခြောက်စေပြီး အလွယ်တကူ သိမ်းဆည်းနိုင်စေရန်  ဆောင်ရွက်‌‌ ပေးခြင်းဖြစ်ပါတယ်၊  ပညာပေးကာလ ၀န်ဆောင်မှုအနေဖြင့် ယခုနှစ်တစ်နှစ်အတွင်း စိုက်ပျိုးရိတ်သိမ်းပြီး အစိုဓာတ်ရှိသော စပါးများ အခမဲ့ လာရောက်၍အခြောက်ခံနိုင်ကြောင်း” ပြောကြားသည်။

 

ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ၀န်ထမ်းများနှင့် တောင်သူ ၅၀ ဦး တက်ရောက်ခဲ့သည်။

 

သန်းသန်း (ရေဦး)