ရန်ကုန် ၁၂ ဖေဖော်ဝါရီ
CTA ဇာတ်ညွှန်းရေးသားနည်းသင်တန်းအပတ်စဉ် (၁) နှင့် (၂) သင်တန်းဆင်း ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (FDC) မှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ ဒါရိုက်တာ ဒေါ်ဆွေဇင်ထိုက် (Grace) နှင့် CTA ၏ ဒါရိုက်တာ ကိုရောဘတ်ဝင်းထိန်တို့ က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များနှင့် ဆုများကို သင်တန်းသားများအား ပေးအပ်ချီးမြှင့်ပေးကြသည်။
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ မြန်မာဇာတ်ညွှန်းများကို နိုင်ငံတကာသို့ ထိုး ဖောက်နိုင်ရန် ပံ့ပိုးပေးလျက်ရှိကြောင်း ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကပြောကြားသည်။
သင်တန်းသားများ အသီသီးရေးသားသည့် သင်တန်းဆင်းဇာတ်ညွှန်းပရောဂျက် များအနက်မှ ဆုများကိုရွေးချယ်ပေးအပ်ရာ အပတ်စဉ် (၁) မှ ကိုသူရဇော်က The Best Hero’s Journey Award၊ မကြာညိုသင်းက The Best Archetypes Award၊ မယင်းမာကျော်ဝင်းက The Best Story Award နှင့် သစ်ထူးက Special Award တို့ကို အသီးသီးရရှိခဲ့ပြီး၊ အပတ်စဉ်(၂)မှ ကိုစိုးမင်းထွန်းက The Best Hero’s Journey Award၊ မပန်းအိငွေမိုးဖြူက The Best Archetypes Award နှင့် မောင်ဝေယံက Special Award တို့ကို အသီးသီး ရရှိခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ ဇွန် ၁ ရက်မှစ၍ စနေ၊ တနင်္ဂနွေနေ့တိုင်း စတင်ဖွင့်လှစ်ခဲ့ရာ အပတ်စဉ် (၁) မှ အပတ်စဉ် (၃) အထိ သင်တန်းသား စုစုပေါင်း (၆၀) ခန့်ရှိပြီး သင်တန်း တစ်ခုလျှင် သုံးလစီကြာမြင့်ကြောင်း ကိုရောဘတ်ဝင်းထိန်က ပြောသည်။
“ညီမဆုရတဲ့ဇာတ်က တက္ကသိုလ်က ဆရာမတစ်ဦးနဲ့ သူရဲ့တပည့်ကြားထဲက ဆက်ဆံရေးရယ်၊ လွန်ခဲတဲ့နှစ် (၂၀) ကျော်က အချစ်ရေးတစ်ကို မိသားစု ဒရာမာလေးပါ၊ ဒီမှာ Hero’s Journey သင်ရတယ်၊ ချယ် Grace ဆီက Film Management ပိုင်း သင်ရပါတယ်၊ ဇာတ်ညွှန်းဆိုတာက ရုပ်ရှင်ကိုဖော်ကြူးဖို့အတွက် ကြားခံအနုပညာ တစ်ခုလို့ပြောချင်ပါတယ်” ဟု The Best Archetypes Award ဆုရ မကြာညိုသင်းက ပြောသည်။
သန့်ဇင်ဝင်း