အရောင်အသွေး၊ အနံ့အရသာပြည့်စုံတဲ့ စတော်ဘယ်ရီ သီးလေးတွေက စားလို့တင်အရသာရှိတာ မဟုတ်ပါဘူး။ လေဒီလေးတွေရဲ့ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘယ်လိုများ အသုံးဝင်လဲ တူတူကြည့်ရအောင်လား……
စတော်ဘယ်ရီက ပေးတဲ့ အလှအပတရား
အရောင်နီနီရဲရဲ အနံ့မွှေးမွှေးလေးရှိပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့ အရသာရှိတဲ့ စတော်ဘယ်ရီသီး လေးက ပေးတဲ့ကျန်းမာရေး အာနိသင်က တော်တော်လေးတော့များပါ။ ဒါတွထဲကမှ အလှအပအတွက် ဘယ်လိုတွေထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးပါရစေလား။
ဝိတ်ကျစေနိုင်တယ်
သွယ်လျလှပပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်အချိုးအစားက ပျိုမေလေးတွေကို အလှတိုးစေတဲ့ အချက် တွေထဲက တစ်ခုပေါ့။ စတော်ဘယ်ရီမှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။
နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းက ဟော်မုန်းတွေကိုလည်း အကောင်းဆုံး ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိနေတာကြောင့် အစားစားချင်စိတ်ကို ထိန်းညှိပေးနိုင်တဲ့ adiponectin ခေါ်တဲ့ ဟော်မုန်းထွက်ရှိအောင် လှုံ့ဆော်ပေးပါ တယ်။ ဒီဟော်မုန်းက အဆီတွေကို အကောင်းဆုံး ချေဖျက်ပေးနိုင်ပါတယ်။
အသားအရေ ကျန်းမာစေနိုင်တယ်
စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီးတော်တော်များများမှာ အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်မှုကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ alpha-hydroxy အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။
စတော်ဘယ်ရီမှာပါတဲ့ salicylic အက်ဆစ် နဲ့ ellagic အက်ဆစ်တွေက အသားအရောင်မညီတာ၊ အရေပြားမှာ အစက်အပြောက်တွေမဖြစ်အောင် ကာကွယ်ပေးသလို အရေပြားပေါ်က အမဲစက်တွေ၊ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးပြီး အသာအးရေကို တင်းရင်းလှပစေနိုင်ပါတယ်။ ဝက်ခြံတွေမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင် C ကြွယ်ဝမှုကလည်း အသာအးရေကို ကြည်လင်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့် ပေးပါတယ်။ အသားအရေကောင်းခြင်းကို ဖြစ်စေပြီး ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေနိုင်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေလည်း အသားကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း အထိရောက် ဆုံးကာကွယ်ပေးနိုင်ပါတယ်။
အပြုံးလှစေဖို့ အရေးပါတဲ့ သွားတွေကို ကျန်းမာစေတယ်
လှပတဲ့ အပြုံးကလည်း လေဒီလေးတွေကို အလှအပတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါ။ သွားတွေက အရောင်ပြောင်း နေမယ်။ သွားပိုးစားနေမယ်ဆိုရင် ပြုံးရင်လှဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ဖြူဖွေးကြံ့ခိုင်ပြီး လှပတဲ့သွားနဲ့ ခံတွင်းနံ့ဆိုးကင်းတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် စတော်ဘယ်ရီ စားပေးလို့ရပါတယ်။
အရွယ်တင် နုပျိုစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် မှု၊ အရွယ်မတိုင်ခင် အိုမင်းမှု ဖြစ်စေတာတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ lycopene ပါဝင်နေမှုက အရွယ်တင်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။
ဆံပင်မကျွတ်အောင် ကာကွယ်ပေးတယ်
ဆံပင်က ဒုတိယမျက်နှာပါ။ ပိတုန်းရောင် ဆံသားထူထူထဲထဲလေးက လေဒီတွေကို အလှတိုးစေတဲ့ အရာတစ်ခုပါ။ ဒါကြောင့် ဆံသားကျန်းမာရေးကို ဂရိုစိုက်ဖို့ကလည်း လေဒီလေးတိုင်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။ စတော်ဘယ်ရီမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ဆံသား ကျန်းမာရေးကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်ပါတယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သံဓာတ်နည်းလို့ပါ။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ ကင်းစေချင်ရင် စတော်ဘယ်ရီ စားပြီး ဆံသားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”