စစ်ကိုင်း ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာ(IBEC) တည်ထောင်ခြင်း(၁၂)နှစ်ပြည့်အခမ်းအနား၊ စတော့ဟုမ်းငြိမ်းချမ်းရေးဆုရ IBEC ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘိတ၏ (၄၉)နှစ်ပြည့် ဝိဇာတပူဇာပွဲ၊ ဦးမင်းနိုင်စိုး+ဒေါ်ဝိုင်းဝါ သမီး- မစုဂုဏ်ရှိန်မေ (ဂုဏ်ရှိန်မြန်မာမိသားစု)မှ ဆောက်လုပ်လှူဒါန်းသော 'ဂုဏ်ရှိန်မြန်မာ' ဓာတ်လှေကားပါ သုံးထပ်စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ကျောင်းအမှတ်တံဆိပ်ဖွင့်ပွဲ၊ သုံးရေကန်ဖွင့်ပွဲနှင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်တို့မှဌာနဆိုင် ရာတာဝန်ရှိသူများ၊ အလှူရှင်အလှူ့ဒါယကာ ဒါယိကာမများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ (အထက၃) ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့က တီးမှုတ်တင်ဆက်ကြိုဆိုကြ ပြီး IBEC ကျောင်းသီချင်းနှင့် IBEC English Access ၏ သင်တန်းသားသင်တန်းသူများက အင်္ဂလိပ်ကဗျာရွတ်ကာ ဂုဏ်ပြုကြသည်။
ယင်းနောက် IBEC ဆရာတော် ဘဒ္ဒန္တဒေါက်တာသောဘိတ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကျောင်းအလှူရှင် ဦးမင်းနိုင်စိုး+အလှူဒါယိကာမ ဒေါ်ဝိုင်းဝါနှင့် ဒါယကာ ဒါယိကာမ အပေါင်းတို့က IBEC ကျောင်းတံဆိပ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြကာ 'ဂုဏ်ရှိန်မြန်မာ' ဓာတ်လှေကားပါ သုံးထပ်ကျောင်ဆောင်သစ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာများ ပက်ဖျန်းပေး ကြသည်။
ထို့နောက် အလှူရှင်များ၏ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအခမ်းအနားကို အဆိုပါသုံးထပ် ဆောင်၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က စစ်ကိုင်းတောင်ရိုးခေမာသီဝံကျောင်းတိုက်ဆရာတော် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဒုဥက္ကဋ္ဌ ဘဒ္ဒန္တပညာ သီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြင့်တော်မူ သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဒါယကာ ဒါယိကာမများနှင့်အတူ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် IBEC ဆရာတော်ထံမှ အနုမောဒနာတရားကို နာယူကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ အလှူ ရှင်ဒါယကာ၊ ဒါယိကာမများက ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင် IBEC အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
တင်မောင် (မန်းကိုယ်ပွား)