စတန်းဖို့ဒ်ဘရစ်မှာ အာဆင်နယ်ကို ပထမအကျော့က ရှုံးကြွေး ချယ်ဆီး ပြန်ဆပ်သွားနိုင်မလား

ပရီမီယာလိဂ်ပွဲစဉ် (၃၆) အဖြစ် ချယ်ဆီး အသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်ကို မေ ၁၃ ရက် နံနက် ၁ နာရီ ၄၅ မိနစ် တွင် စတန်းဖို့ဒ်ဘရစ်၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ချယ်ဆီးအသင်းသည် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် နှစ်ပွဲတွင် ရီးရဲ မက်ဒရစ်၊ မန်စီးတီးအသင်းတို့ ကဲ့သို့သော စုဖွဲ့မှုအားကောင်းသည့် အသင်းတို့ကို အနိုင်ရထားသည့်အတွက် ခြေစွမ်း အထူးကောင်းမွန် နေသည်ကို တွေ့ရသည်။ အာဆင်နယ်အသင်းက နောက်ဆုံး နှစ်ပွဲတွင် ဗီလာရီးရဲအသင်းကို ဂိုးမရှိ သရေကျပြီး ဝက်စ်ဘရွန်းအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားသည့် အတွက် ခြေစွမ်းအတက် ဘက် ရောက်လာသည်ဟု ဆိုနိုင်သော်လည်း အသင်းလိုက် စွမ်းဆောင်ရည်ပိုင်းတွင် လိုအပ်ချက်များ ရှိနေသေးသည်။

အဆိုပါ နှစ်သင်း၏အမှတ်ပေးဇယား ရပ်တည်မှုကိုကြည့်လျှင် ချယ်ဆီးအသင်းက ပရီမီယာလိဂ် ၃၅ ပွဲ ကစားပြီး ၆၄ မှတ်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် ရမှတ်လိုအပ်ချက်ရှိနေသည့်အတွက် ယနေ့ပွဲစဉ်တွင် အနိုင်ရလဒ် ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော်လည်း ချယ်ဆီးအသင်းသည် ယနေ့ပွဲစဉ်ပြီးလျှင် မေ ၁၅ ရက်၌ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် လက်စတာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သောကြောင့် အာဆင်နယ်အသင်းကို လူစုံထုတ်ကာ  ရင်ဆိုင်လာမလား စိတ်ဝင်စားဖွယ်ရာပင်၊ အာဆင်နယ်အသင်း က ၃၅ ပွဲကစား ပြီး ၅၂ မှတ်ဖြင့် အဆင့်(၉)နေရာတွင် ရပ်တည်နေပြီး လာမည့်နှစ် ယူရိုပါလိဂ်ဝင်ခွင့် အတွက် နိုင်ပွဲရရှိရန် ယနေ့ပွဲစဉ်ကို အကောင်းဆုံး ပြင်ဆင်လာဖွယ်ရှိနေသည်။

ချယ်ဆီးအသင်းနှင့် အာဆင်နယ်အသင်းတို့ ပထမအကျော့ အာဆင်နယ်အိမ်ကွင်းတွင် တွေ့ဆုံစဉ် အာဆင်နယ်အသင်းက လာကာဇက်၊ ဇာကာ၊ ဆာကာတို့၏ သွင်းဂိုးများနှင့်အတူ သုံးဂိုး-တစ်ဂိုးဖြင့် ချယ်ဆီးအသင်းကို အနိုင်ရရှိထားသည်။

ထို့ကြောင့် ယခုအကြိမ်တွေ့ဆုံမှုတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရမှတ်လိုအပ်ချက် ရှိနေသေးသည့် ချယ်ဆီးအသင်းက အနိုင်ရရှိသွားမလား၊ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်အသင်းက အနိုင်ရရှိ သွားမလား အားပေးကြည့်ရှုကြပါစို့ ...။

အောင်ဇော်