လွိုင်ကော် ၁၉ ဇန်နဝါရီ

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်၊ စတုတ္ထအကြိမ် မြန်မာ−ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်အား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ည ၆ နာရီခွဲက လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့ပြီး စိန်နားပန်မီးပုံပျံနှင့် မီးပုံးပျံငယ်အလုံး(၂၀၀) လွှတ်တင်ခဲ့သည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Ichiro AISAWA က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်၏ နေ့ထူးနေ့မြတ် အခါသယမတွင် စတုတ္ထအကြိမ် စိုက်ပျိုးခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ချယ်ရီပန်းပင် စိုက်ပျိုးခြင်းအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အလေးအနက်ထား၍ စိုက်ပျိုးခဲ့ပြီး ဂျပန်နိုင်ငံမှလည်း ယခုလို ချယ်ရီပန်းစိုက်ပျိုးခြင်းအား လိုလားဝမ်းမြောက်စွာဖြင့် ဆောင်ရွက်ပေးသည့်အတွက်ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ထို့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌကြီး၏ ပြောကြားချက်အရ ချယ်ရီပန်းသည် ငြိမ်းချမ်းမှုနှင့် ဂျပန်လူမျိုးကို ကိုယ်စားပြုသည့်ပန်းဖြစ်ပြီး မိမိတို့နိုင်ငံတွင်လည်း ငြိမ်းချမ်းရေးကို လိုလိုလားလား ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုများအတွက် များစွာအထောက်အပံ့ဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ ခရီးသွားလုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ကြိုးပမ်းဖော်ဆောင်သွားလိုပါကြောင်း၊ သို့ဖြစ်ရာ ယနေ့အခမ်းအနားတွင် ဂျပန်ချယ်ရီပန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များ၊ ပညာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်လာသည်ကို သိရှိရပြီး ဂျပန်လူမျိုးများအနေနှင့် မိမိတို့ နိုင်ငံသားများအပေါ်တွင် များစွာချစ်ကြည်ရင်းနှီးမှု ရှိသည်ကို သိရှိရ၍ လွန်စွာဝမ်းမြောက်မိပါကြောင်း၊ နှစ်နိုင်ငံအကျိုးအမြတ် ရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဂျပန်ချယ်ရီပန်း စိုက်ပျိုးခြင်းကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး စိတ်ရင်းစေတနာမှန်ဖြင့် ကြွရောက်လာသည့် အကြီးအကဲများ၊ ဖိတ်ကြားထားသူများ အားလုံးအနေဖြင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲအောင် ကောင်းမွန်သော အကြံဉာဏ်များဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြည်ထောင်စုဝန်ကြီး၊ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့များ၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အကြီးအကဲများနှင့် ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ဧည့်သည်တော်များအား လွိုင်ကော်မြို့ လူငယ်များမှ ဂုဏ်ပြုမီးပုံးပျံ(မီးကြည်)များ လွှတ်တင်ပြသခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး