နေပြည်တော် ၁၁ မတ်

 

စတုတ္တအကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်အကြို တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်း ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲများကို ပြုလုပ်လာခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် လေးကြိမ်မြောက်ရှိသွားပြီ ဖြစ်ပါကြောင်း၊ တွေ့ဆုံရသည့် ရည်ရွယ်ချက်မှာ နိုင်ငံသားများ၏  သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းရန်၊  သတင်းမီဒီယာသမားများ၏  ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဉပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် သတင်းမီဒီယာသမားများအကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ မဏ္ဍိုင်တစ်ရပ်ချင်းစီ၏ လုပ်ငန်းသဘာဝနှင့် သတင်းမီဒီယာ လုပ်ငန်းသဘာဝတို့ကို အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုလက်ခံကာ ပူးပေါင်းညှိနှိုင်းခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိသည့် ပြည့်သူ့အကျိုးပြုစနစ် Good Governance ပေါ်ထွန်းရေးအတွက် အထောက်အကူပြုရန်နှင့် တတိယအကြိမ် မဏ္ဍိုင် ၄ ရပ် အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များအား ပြန်လည်သုံးသပ်ရန်အတွက် ဖြစ်ပါကြောင်း။

 

စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာများသည် နိုင်ငံတော်အာဏာကို ခွဲဝေကျင့်သုံးနေသည့် မဏ္ဍိုင်သုံးရပ်တွင်ရှိသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဝေဖန်ရေးသားပိုင်ခွင့်ရှိပါကြောင်း၊  အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းအားဖြင့်  စတုတ္ထမဏ္ဍိုင်အနေဖြင့် သတင်းရယူရာ၌  အဆင်ပြေချောမွေ့ရေးအတွက် ပြောဆိုဆွေးနွေးခွင့်ရသလို မိမိတို့မဏ္ဍိုင် ၃ ရပ်အနေဖြင့်လည်း စတုတ္ထမဏ္ဍိုင်နှင့် ထိတွေ့ရာတွင် ပိုမိုအဆင်ပြေရန် ညှိနှိုင်းဆောင်ရွက်နိုင်သည့် အခွင့်အရေးရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက်   ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများက အထွေထွေ အကြံပြုဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

သတင်းစဉ်