ရန်ကုန် ၂၄ နိုဝင်ဘာ
စတုတ္ထအကြိမ်မြောက် အာရှဒေသဆိုင်ရာခံတွင်း၊ မေးရိုးနှင့် မျက်နှာခွဲစိတ်ပညာ သင်ကြားမှု ညီလာခံအထိမ်းအမှတ် ညစာစားပွဲကို နိုဝင်ဘာ (၂၃) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပသည်။
ညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ညီလာခံ၊ ပညာရပ် ဖလှယ်ပွဲများမှ ဆွေးနွေးတင်ပြမှုများကို ရုပ်သံမှတ်တမ်းတင်၍ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆရာဝန်များထံသို့ မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန်အသင်း၊ ခံတွင်း၊ မေးရိုးနှင့် မျက်နှာခွဲစိတ်ကုပညာအဖွဲ့တို့မှတစ်ဆင့် ဖြန့်ဝေပေးသွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်များတွင် ရလဒ်အခြေပြုသော ပေါင်းစည်း ချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလမှ စတင်သင် ကြားတော့မည်ဖြစ်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အနေဖြင့်လည်း ထိုသို့သော သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြုစုသင်ကြားနိုင်ရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားစေလိုပါကြောင်း။
ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းအောက်ရှိ ဆေးပညာရပ်အဖွဲ့ (၄၃) ဖွဲ့တို့အကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုအား ကောင်းစွာဖြင့် ဆေးပညာဘာသာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန် အသင်းအောက်ရှိ ပညာရပ်အဖွဲ့များမှလည်း လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ခံတွင်း၊ မေးရိုးနှင့် မျက်နှာခွဲစိတ် ကုပညာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းမူဘောင်နှင့် လမ်းပြမြေပုံများ ချမှတ်ဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်အသင်း၏ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသိန်းကြူ၊ အာရှဒေသဆိုင်ရာ ခံတွင်း၊ မေးရိုးနှင့် မျက်နှာခွဲစိတ်ကုပညာရပ် အဖွဲ့၏ ဥက္ကဋ္ဌ Dr. Tian-EeSeah နှင့် မြန်မာနိုင်ငံ ခံတွင်း၊ မေးရိုးနှင့် မျက်နှာခွဲစိတ် ကုပညာရပ်အဖွဲ့၏ ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ ကြူကြူဆွေဝင်းတို့က အမှာစကား ပြောကြားကြသည်။
အဆိုပါညီလာခံသို့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံနှင့် တိုင်ပေတို့မှ ခံတွင်း၊ မေးရိုးနှင့် မျက်နှာခွဲစိတ်ကုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


