နေပြည်တော်    ဇူလိုင်  ၂၆

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th   BIMSTEC National    Security  Chiefs’ Meeting) ကို  ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  M Gallery  ဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန(၁)   ပြည်ထောင်စုဝန်ကြီး    ဗိုလ်ချုပ်ကြီး မိုးအောင် ၊   အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြီးအကဲ များဖြစ်ကြသည့်  အိန္ဒိယနိုင်ငံမှ   H.E. Shri Ajit Doval ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊   ဘူတန်နိုင်ငံမှ   Mr. Sonam Wangyel  ၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimireသီရိလင်္ကာ နိုင်ငံမှ General Kamal Gunaratne(Retd)  WWV  RWP RSP  USP  Ndc  psc  MPhil  ၊  ထိုင်းနိုင်ငံမှ   H.E. Mr. Ruchakorn NAPAPORNPIPAT ၊    ဘင်းမ်စတက်အတွင်းရေးမှူးချုပ်   H.E. Mr. Indra Mani Pandey  ၊ ဘင်းမ် စတက်   အဖွဲ့ဝင်နိုင်ငံများမှအဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး     သဘာပတိအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  ဝန်ကြီးဌာန  (၁)    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။

 

နိုင်ငံအလိုက်ရှင်းလင်းပြောကြား

ထို့နောက်     ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊  ဘူတန်၊   အိန္ဒိယ၊ မြန်မာ၊  နီပေါ၊  သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ  အမျိုးသားလုံခြုံရေးဆိုင်ရာ   အကြီးအကဲများက  ဘင်္ဂလားပင်လယ်အော်ဒေသ အတွင်း လုံခြုံရေးဆိုင်ရာ  သမား ရိုးကျစိန်ခေါ်မှုများနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အတူတကွ ပေါင်းစည်းဖြေရှင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ကြေညာချက်များကို နိုင်ငံအလိုက် ရှင်းလင်းပြောကြား ကြသည်။

 

ယင်းနောက်   အိမ်ရှင်မြန်မာနိုင်ငံမှ  ကိုယ်စားလှယ်တစ်ဦးက ယမန်နေ့က    ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက်  ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ   အစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးမှ      ထွက်ပေါ်လာသည့် တင်ပြချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊   ဘင်းမ်စတက် အတွင်းရေးမှူးချုပ်က   အကြမ်း ဖက်မှုနှိမ်နင်းရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ကဏ္ဍခွဲနှင့် အမျိုးသားလုံခြုံရေးနှင့် သက်ဆိုင်သည့်ကဏ္ဍများ အလိုက်  တိုးတက် မှုအခြေအနေများကို  သုံးသပ်ရှင်းလင်းတင်ပြကြသည်။

 

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

ဆက်လက်၍  ဘင်းမ်စတက် အမျိုးသား    လုံခြုံရေးဆိုင်ရာအကြီးအကဲများက   အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး  လုပ်ငန်းစဉ်များ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာများနှင့်    ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊  သက်ဆိုင်ရာလုံခြုံရေးကဏ္ဍအလိုက်  ထိရောက်သည့် သတင်းအချက်အလက်များ ပိုမိုပူးပေါင်းမျှဝေ နိုင်ရေး၊  ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေး ဆိုင်ရာအခြေအနေ၊ ကြုံတွေ့လာနိုင်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ် မှုများအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည့် နည်းလမ်းများကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

ပူးပေါင်းဆောင်ရွက်

ထို့နောက်  ဆွေးနွေးချက်များအပေါ်  အစည်းအဝေးသဘာပတိ ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မိုးအောင်က  ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဦးစားပေးအကောင်အထည်ဖော်ရမည့် အချက်များနှင့်    အနာဂတ် တွင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို   ပြန်လည်သုံးသပ် ဆွေးနွေးပြီး  နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုက်တွန်းချက်ဖြစ်သည့် ဘင်းမ်စတက်နိုင်ငံများ၏ လုံခြုံရေးပူးပေါင်း     ဆောင်ရွက်မှုများတွင် ဒေသတွင်း စားရေရိက္ခာဖူလုံရေး (Food Security) နှင့်  စွမ်းအင် လုံခြုံမှု (Energy Security) တို့အတွက် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမှသည် ပြည်သူလူထု အသီးသီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအထိ အထောက်အပံ့ဖြစ်စေရေး  ပူးပေါင်းဆောင်ရွက်ကြရေး အလေးထားဆောင်ရွက်နိုင်ရန် ပြောကြားခဲ့သည်။

 

အစည်းအဝေးအပြီးတွင် စတုတ္ထအကြိမ်မြောက်    ဘင်းမ်စတက်  အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး     သဘာပတိ   အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁)  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် အစည်းအဝေးသို့ တက်ရောက်လာကြ သည့်   ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊  ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့နှင့်အတူ    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်