နေပြည်တော် ၂၆ နိုဝင်ဘာ
နော်ဝေနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အော်စလိုမြို့ မြို့တော်ခန်းမတွင် ယမန်နေ့ကကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူစာချုပ်၏ လက်ရှိဥက္ကဋ္ဌ၊ နော်ဝေနိုင်ငံမှ Crown Prince Mr. Haakon Magnus ၊ အော်စလိုမြို့တော်ဝန် Mrs.Marianne Borgen၊ နိုင်ငံခြားရေးဝန်ကြီး Ms.Ine Erisken Soreide၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr.Dag- IngeUlstein တို့နှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ Princess Astrid of Belgium ၊ ဂျော်ဒန်နိုင်ငံမှ Prince Mired Bin Raad Bin Zeid Al- Hussein၊ UNHCR မဟာမင်းကြီး၊ ICRC၊ UNICEF အစရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် နိုင်ငံပေါင်း (၁၆၀)ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါညီလာခံသည် မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံပေါင်း (၁၆၄)နိုင်ငံနှင့်တကွ စာချုပ်ကို လက်မှတ်ရေးထိုးမထားသော စောင့်ကြည့်လေ့လာဆဲနိုင်ငံများပါ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး မိုင်းအန္တရာယ်ကြောင့် ဖြစ်ပွားသော သေကြေပျက်စီးမှုများ၊ မသန်စွမ်းမှုများ ပပျောက်စေရန်နှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းကိစ္စကို အထူးအလေးပေး ဆောင်ရွက်ရေးအတွက် နိုင်ငံအသီးသီးမှ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်နိုင်ရန်၊ ဝေမျှနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်ကို စောင့်ကြည့်လေ့လာဆဲနိုင်ငံဖြစ်ပြီး မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများကို နိုင်ငံတကာမှ သိရှိစေရန်ရည်ရွယ်၍ အဆိုပါညီလာခံသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်းလွဲပိုင်းတွင် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms. Ine Eriksen Soreide နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကူးပြောင်းရေးတွင် နှစ်ပေါင်းများစွာ ကူညီအားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူစာချုပ်၏ လက်ရှိဥက္ကဋ္ဌ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာကို မကြာသေးမီက မိတ်ဆက်ခဲ့ပြီး နောက်အချို့သောနေရာများတွင် ပြန်လည်နေရာချထားရေး လုပ်ငန်းများ စတင်ရန်ကြိုးပမ်းနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေးဆောင်ရွက်ခြင်းတို့မှာ အရေးပါကြောင်းနှင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံက ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ UEHRD ၏ ဆောင်ရွက်ချက်များနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် International Court of Justice (ICJ) နှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် မြန်မာနိုင်ငံက စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် မိုင်းအန္တရယ်ဆိုင်ရာ ကြိုပမ်းမှုများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော်နှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


