လွိုင်ကော် ၇ ဇွန်  

 

ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ One Stop One Township အစီအစဉ်အရ လွိုင်ကော်မြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပြည်နယ်အစိုးရ၊ ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ Hanns Seidel Foundation၊ International Centre၊ Myanmar Centre For Responsible Business၊ MRTI တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏ စတုတ္ထအကြိမ်မြောက် လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ(NCCT)ဆွေးနွေးပွဲညီလာခံတစ်ရပ်ကို ဇွန်လ(၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ  ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးမော်မော်က “ ကယားပြည်နယ်ဟာ ယခင်ကငြိမ်းချမ်းရေးဖွံ့ဖြိုးမှုတွေမရှိခဲ့လို့ ခရီးသွားလုပ်ငန်းဟာ ဖွံ့ဖြိုးမှုနည်းပါးပါကြောင်း၊ ယခုအစိုးရသစ်သက်တမ်းမှာတော့ လိုအပ်တဲ့အခြေခံအဆောက်အဦများကို တတ်နိုင်သမျှဖြည့်ဆည်းပေးပါကြောင်း၊ ကယားပြည်နယ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်း(၄)နေရာရှိပြီး လက်ရှိတွင် တနီးလာလဲကျေးရွာနဲ့ ပန်ပက်ကျေးရွာတို့မှာ လုပ်ငန်းများ ဖော်ဆောင်လျက်ရှိပါတယ်။ ကျန်တဲ့ထေခိုကျေးရွာနဲ့ ဒေါတမကြီးကျေးရွာတို့ကို ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရသို့ခွင့်ပြုချက်များ တောင်းခံထားပါကြောင်း၊ ခရီးသွားလုပ်ငန်း အဆင်ပြေရန်အတွက် ၊ လျှပ်စစ်ကဏ္ဍ၊ အများသုံးသန့်စန်ခန်းများ ဆောက်လုပ်ခြင်း၊ ခရီးသွားပြည်သူတွေ သွားလာလွယ်ကူရန်အတွက်၊ လိုအပ်တဲ့နေရာများမှာ light Box များ တပ်ဆင်ပေးခြင်း၊ လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ်များတွင် ညအိပ်ရပ်နားခွင့်နေရာတွေပါ သွားနိုင်အောင် ဖြေလျော့မှုများ ပေးထားပါကြောင်း၊ ကယားပြည်နယ်တွင် ရေခံမြေခံကောင်းများရှိပြီး ထိုင်းနိုင်ငံမယ်ဟောင်ဆောင်နှင့် Sister City (MOU) လက်မှတ်ရေးထိုးပွဲကို ၂၀၁၇ ခုနှစ် မတ်လ (၉)ရက်နေ့တွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှစ်ဖက်သွားလာလည်ပတ်ခွင့် သဘောတူထားရှိနိုင်ခဲ့ကြောင်း၊ (၆)ညအိပ်(၇)ရက်ခရီးစဉ်ရရှိဖို့ ပြည်ထောင်စုအစိုးရသို့ တင်ပြထားပါကြောင်း၊ မယ်ဟောင်ဆောင်လမ်းခရီးဖြစ်တဲ့ (9.7)Km လမ်းနေရာအား ထိုင်းဘက်မှ ပြင်ဆင်နေပြီး ပြီးစီးတော့မည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံပိုင်မြို့မှာလည်း ခရီးသွားအသွားအလာများတဲ့မြို့ဖြစ်ကာ ၎င်းမှကယားပြည်နယ်သို့ ခရီးသွားများ ဝင်ရောက်လာနိုင်ရန်အတွက် နှစ်ဖက်ရင်းနှီးလာဖို့အစိုးရမှဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖရူဆိုမြို့နယ် မော်သီဒိုကျေးရွာတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ရင်းနှီးမြှုပ်နှံနေတာလည်းရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များကိုလည်း ပြည်နယ်သန့်ရှင်းသာယာ လှပရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွိုင်ကော်မြို့နယ်အား အသန့်ရှင်းဆုံးမြို့တော်အဖြစ် ၂၀၂၀ ခုနှစ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် “အသန့်ရှင်းဆုံးမြို့တော်” ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ရည်မှန်းလျက်ရှိပြီး ၎င်းအကြောင်းအရာကိုပါ ထည့်သွင်းဆွေးနွေးပေးကြပါဟု ”  အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်၊ ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း မြန်မာ(HSF)မှ AchimMunz (အာခီမွန်)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူရရှိရေးအထောက်အကူပြုဌာန ဒါရိုက်တာ Vicky Bowman (ဗီကီဘိုမယ်န်)မှ အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ကယားပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ရှင်းလင်းခြင်း၊ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြည်နယ်တွင်းခရီးသွားလုပ်ငန်းနေရာများ ပိုမိုဖွံ့ဖြိုးစေရန်ရှင်းလင်းခြင်း၊ ကလောဒေသ ခရီးသွားလုပ်ငန်းအဖွဲ့ ဒေါ်ဥမ္မာချိုက ခရီးစဉ်ဒေသ စီမံခန့်ခွဲအုပ်ချုပ်ရေး အဖွဲ့များ၏ အခန်းကဏ္ဍအကြောင်းကို ရှင်းလင်းခဲ့ပြီးနောက် မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းဆုရွေးချယ်ရေးအဖွဲ့ဝင် ဒေါ်စပယ်အောင်မှ ဦးဆောင်၍ အဖွဲ့ဝင်(၄)ဦးဖြင့် “ရေရှည်တည်တံ့၍ တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံအတွင်းရှိခရီးသွားလုပ်ငန်းကုမ္မဏီ၊ လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်းများ၊ ဒေသခံပြည်သူများ၊ အစီအစဉ်ဖြစ်မြောက်ရေးတွင် ပါဝင်ပံ့ပိုးသူများဖြစ်ကြတဲ့ NGO/INGOs အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး VIDEO  CLIP  ပြသခြင်း၊ လွိုင်ကော်မြို့နယ်ရှိ CBT လုပ်ငန်း ဖြစ်တဲ့ ဌာနေတိုင်းရင်းသားများရဲ့ လက်မှုထုတ်လုပ်ရေးပစ္စည်းများအား ရောင်းချခြင်းကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့သည်။

 

ကိုစိုင်း (လွိုင်ကော်) 

 

IMG_65