ကိုလင်း​

 

စတုတ္ထအကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲ၏ Final Contest ကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ဇန်နဝါရီ ၂၆ ရက်က ကျင်းပရာ ပြိုင်ပွဲသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ရွှေသံလွင် မီဒီယာမှ ဒေါ်နန်းမောက်လောဝ်ဆိုင်နှင့် Monnect Group မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ရုပ်ရှင်ရိုက်ကူးသူ လူငယ်များ တက်ရောက်ခဲ့ကြသည်။

"4th Myanmar Youth Micro Film ပွဲကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) နဲ့ Channel 9 ၊ Monnect တို့ ပူးပေါင်းပြီးတော့ ပြုလုပ်တာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ရွက်ပုန်းသီး အနုပညာရှင်တွေ ပေါ်ထွန်းလာရေးကို အဓိကရည်ရွယ်ပြီး ပြုလုပ်တဲ့ပွဲပါ၊ လေးနှစ်တာ ကာလအတွင်းမှာ ဇာတ်ကားပေါင်း ၅၄၀ ကျော်ကို လူငယ်တွေ ပါဝင်ပြီး ပြသနိုင်ခဲ့ပါတယ်””ဟု မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

အဆိုပါပြိုင်ပွဲကို ရုပ်ရှင်ရိုက်ဝါသနာပါသော ရွက်ပုန်းသီးလူငယ်များအား ဝါသနာ ရှင်အဆင့်မှ ပညာရှင်အဆင့်သို့ မွေးထုတ်ပေးနိုင်ရန်၊ မြန်မာ့ရုပ်ရှင်အဆင့်အတန်း ပိုမို တိုးတက်မြင့်မားလာစေရန်၊ ဝါသနာရှင်များ၏ အနုပညာဖန်တီးမှုများကို ရုပ်ရှင် ပရိသတ်များနှင့် တိုက်ရိုက်ထိတွေ့ခွင့် ရရှိစေရန်၊ စီနီယာဒါရိုက်တာကြီးများ၏ ဝေဖန် အကြံပြုချက်များကိုရယူပြီး ဝါသနာရှင်များ၏ ဖန်တီးနိုင်မှုအရည်အသွေးများ မြင့်မား တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ရာ ယခုနှစ်တွင် လေးကြိမ် မြောက်ကျင်းပခြင်းဖြစ်သည်။

““ဒါ့အပြင် ဒီပြိုင်ပွဲက အရည်အချင်းရှိပြီး ရုပ်ရှင်ပိုင်း တတ်သိနားလည်သူ ကလေး တွေကို မွေးထုတ်နိုင်ဖို့ကို ဦးတည်ပြီး ပြုလုပ်ခဲ့ပါတယ်၊ အခုလို လေးနှစ်တာအတွင်းမှာ ကျွန်တော်တို့ပြိုင်ပွဲကနေ လူငယ်အချို့ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ နေရာတစ်ခု ရနေကြပါတယ်၊ ဒါရိုက်တာပိုင်း၊ ဇာတ်လမ်း၊ ဇာတ်ဩန်းပိုင်းတွေကအစ အခုဆို ဝါသနာရှင်အဆင့်ကနေ ပညာရှင်အဆင့်ဘက်ကို ရောက်ရှိနေကြပါတယ်၊ လူငယ်တွေ အနေနဲ့ အသက်မွေးပညာတစ်ခုကို ဖော်ဆောင်နိုင်ကြတယ်၊ ပြီးတော့ ဒီနှစ်မှာဆို တိုင်းရင်းသားလူငယ်တွေလည်း ပါဝင်ယှဉ်ပြိုင်လာကြတာ တွေ့ရပါတယ်၊ အဲဒီအတွက် လူငယ်တွေအားလုံး စိတ်တွေလွင့်နေမယ့်အစား အခုလိုပြိုင်ပွဲတွေကနေ ဝါသနာရှင် အဆင့်ကနေ ပညာရှင်တွေဖြစ်လာအောင် ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ပါတယ်””ဟုလည်း ဦးဇင်ဝိုင်းက ဆက်လက်ပြောကြားသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု ကျပ်သိန်း ၆၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ်သိန်း ၂၀၊ အထူးဆု ကျပ်သိန်း ၂၀၊ ပရိသတ်အကြိုက်ဆုံးဆု ကျပ် သိန်း ၂၀ နှင့် နှစ်သိမ့်ဆု ကျပ်ငါးသိန်းတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာ့အလင်း