စတုတ္တအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်း အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော် ၁ဝ နိုဝင်ဘာ

 

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ စတုတ္တအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်းအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် စတုတ္တအကြိမ်မြောက် သူနာပြု/သားဖွား ဒီပလိုမာ(၃)နှစ် သင်တန်း ဒီပလိုမာအောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားဖြစ်၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့ဖြစ်ကြောင်း၊ (၃)နှစ်တိုင်တိုင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားခဲ့သည့် အောင်မြင်မှု အသိအမှတ်ပြုသော အချိန်ဖြစ်ကြောင်း၊ ယခုလို အောင်မြင်အောင် ပံ့ပိုးခဲ့သည့် မိဘ၊ ဆရာ/ဆရာမ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ ဆရာမများအား ကျေးဇူးတင်ရှိကြောင်း၊ သင်တန်းဆင်း ဆရာမများ အနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ကျေးဇူးကိုပြန်လည် ပေးဆပ်နိုင်ရန် ကြိုးစားရန် လိုကြောင်း၊ မိမိတို့ သူနာပြုစုမှု အရည်အသွေးကို ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားရန် လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် သူနာပြု၊ သားဖွား၊ ဆရာမကောင်းများ လိုအပ်ဆဲဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးလိုက်သော ပညာရပ်များကို လက်တွေ့ဘဝမှာ ပြည်သူလူထု တစ်ရပ်လုံးအတွက် ထိရောက်စွာ ကောင်းကျိုးရှိအောင် တတ်စွမ်းသမျှ အသုံးချရန် လိုအပ်ကြောင်း၊ သူနာပြု ဆရာ/ဆရာမများ၏ ကောင်းမြတ်သည့် အစဉ်အလာများကို ပြည်သူလူထု သိရှိအောင် အားကိုးယုံကြည်လာအောင် ကြိုးစားဖို့လိုအပ်ကြောင်း၊ တရားဝင် သူနာပြု ဆရာ/ဆရာမအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် သူနာပြုနှင့် သားဖွားကောင်စီမှာ အသင်းဝင်ပြီး လိုင်စင်လျှောက်ထားသွားရန်နှင့် သူနာပြုနှင့် သားဖွားဆရာမလောက၏ကောင်းကျိုးနှင့် တိုးတက်ရေးကို မိမိအရေးကဲ့သို့ မှတ်ယူပြီး နိုင်ငံ့သားကောင်း၊ မိဘများအတွက် သားကောင်းသမီးမြတ်၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်အလုပ်အကျွေးပြုနိုင်သည့် သူနာပြု ဆရာမကောင်းအဖြစ် ကြိုးစားသွားရန် တိုက်တွန်းမှာကြားခဲ့သည်။

 

ဆက်လက်ပြီး သူနာပြုနှင့် သားဖွားသင်တန်းကျောင်းစီမံခန့်ခွဲရေးကော်မတီနှင့် ပညာရေးကော်မတီ အဖွဲ့ဝင်များ နေရာယူပြီးသူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဒေါ်နီနီဝင်းက ကတိပြုမေးခွန်းများ မေးမြန်းသည်။

 

ဆက်လက်၍သူနာပြု သစ္စာအဓိဌာန်ရွတ်ဆိုပြီး သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း၊ အပတ်စဉ်(၂၂)မှ သင်တန်းသား/သင်တန်းသူ (၆၆)ဦးအား အောင်လက်မှတ်များ ချီးမြှင့်သည်။

 

ယင်းနောက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးကအမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါသူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ (လွိုင်ကော်) စတင်ဖွင့်လှစ်သည့် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ အစပြုသည့် အပတ်စဉ်(၁)မှစ၍ ယနေ့ အပတ်စဉ်(၂၂)အထိ သူနာပြုနှင့်သားဖွားဒီပလိုမာအောင်လက်မှတ်ရရှိပြီးသူ (၉၈၁)ဦး၊ ဘက်စုံသားဖွား အောင်လက်မှတ်နှင့် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်ရရှိပြီးသူ (၄၈၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

ကယားပြည်နယ်ပြန်/ဆက်

 

 

mdn