ပုလော ၂၅ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာများတွင် စတုတ္တကြိမ်မြောက် မြစိမ်းရောင် အတိုးရငွေများဖြင့် ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ ကျေးလက်မြေသားလမ်း ဖောက်လုပ်သည့် လုပ်ငန်းနှင့် ကျေးရွာအဝင် ကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးမှသိရသည်။
ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျောက်မှော်ကျေးရွာ၊ ဆင်ထိုးကျေးရွာနှင့် ထမင်းမစားကျေးရွာ ကျေးရွာ (၃) ရွာအတွက် ငွေသိန်းပေါင်း(၁၂၇၈) ကျပ် အတိုးအရင်းပေါင်း ပြန်လည်ထုတ်ချေးငွေများကို စက်တင်ဘာလအတွင်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မြစိမ်းရောင် အတိုးအရင်းပေါင်း ပြန်လည်ထုတ်ချေးငွေများဖြင့် ကျေးလက်ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး အတိုးရငွေများဖြင့် မြစိမ်းကျေးရွာများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်ဦးစီးမှူးဦးလှိုင်မင်းထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)


