စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရမည်
နေပြည်တော်၊ အောက်တိုဘာ ၁၆
မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ ခွန်အားစိုက်ထုတ်ဆောင်ရွက်ပါက အောင်မြင်မှုကို ရရှိမည်ဖြစ်သဖြင့် အားပြည့်အင်ပြည့်ဖြင့် အားထည့်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို မွေးမြူဆောင်ရွက်ကြရန် လိုကြောင်း၊ တစ်ဦးချင်း အားထည့်ဆောင်ရွက်ခြင်းနှင့် စုစည်းညီညွတ်သည့် အားဖြင့် ဆောင်ရွက်ခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုအောင်မြင်စေမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရာတွင်လည်း စုစည်းညီညွတ်သည့်အားကို ရရှိစေမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူများ၊ မော်လမြိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုများ တက်ရောက်ကြသည်။
တစ်ဦးချင်း၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေခြင်းပင်ဖြစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့တိုင်း အနေဖြင့် မိမိတို့၏တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်နေခြင်းသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိတို့၏ တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ပြီး စည်းကမ်းစနစ်တကျ ရှိနေရမည်ဖြစ်ကာ စွမ်းရည်သုံးရပ် ထက်မြက်အောင် စဉ်ဆက်မပြတ် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ အခြေခံ စစ်ပညာမှစ၍ တာဝန်ထမ်းဆောင်ချိန် ကာလတစ်လျှောက်လုံး အဆင့်နှင့် လျော်ညီသည့် အသိပညာ၊ အတတ်ပညာများရရှိရေး သင်တန်းကျောင်းများမှလည်း အမြဲမပြတ် လေ့ကျင့်ပေးလျက်ရှိကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၌ အောင်မြင်အောင် ဆောင်ရွက်ကြမည်ဆိုပါက ထူးချွန်သည့် တပ်ဖွဲ့များ ဖြစ်လာမည်ဖြစ်ပြီး စွမ်းရည်သုံးရပ် ပြည့်စုံသည့် တပ်မတော်ဖြစ် လာမည်ဖြစ်ကြောင်း။
မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ အာရုံစိုက်၍ ခွန်အားစိုက်ထုတ် ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုကို ရရှိမည်ဖြစ်သဖြင့် အားပြည့်အင်ပြည့်ဖြင့် အားထည့်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရမည်ဖြစ်ပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အားထည့်ဆောင်ရွက်တတ်သည့် အလေ့အကျင့်တို့ကို ပေါင်းစပ်လိုက်ပါက စုစည်းညီညွတ်သည့်အားကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ စုစည်းသည့် အင်အားဖြင့် ဆောင်ရွက်ပါက အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည့်အတွက် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ စွမ်းအားများကို စုစည်းတည်ဆောက်၍ ထုဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်မှုအားဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ တစ်ဦးချင်း အားထည့်ဆောင်ရွက်ခြင်းနှင့် စုစည်း ညီညွတ်သည့်အားဖြင့် ဆောင်ရွက်ခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမို အောင်မြင်စေမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံရေးအရအရေးပေါ်အခြေအနေဖြစ်လာသဖြင့် လိုအပ်ချက်အရ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ ထိုသို့ တာဝန်ယူ ထမ်းဆောင်ရသည့် အချိန်တွင် မိမိတို့ တာဝန်ယူနေရသည့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းများတွင် တပ်မတော်၏ စုစည်းညီညွတ်သည့်အားကို အသုံးပြု တည်ဆောက်ရန်လိုကြောင်း၊ မိသားစုတစ်ခု၌ပင် အိမ်ထောင်ဦးစီး၊ အိမ်ရှင်မနှင့် သားသမီးတို့ စုစည်းညီညွတ်စွာဖြင့် နေထိုင်မည်ဆိုပါက သာယာပျော်ရွှင်ဖွယ်ဖြစ်သည့် သီရိဂေဟာကို ရရှိနိုင်မည်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လုံခြုံမှုအပြည့်အဝ ရရှိပြီး စီးပွားတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းအတွက် ယခုကဲ့သို့သော အခြေအနေမျိုးတွင် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားအားလုံးနှင့် တပ်မိသားစုဝင်များ အားလုံး၏ စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
တပ်တွင်းစည်းလုံးညီညွတ်ရေးကို အောင်မြင်စွာ တည်ဆောက်
စည်းကမ်းဆိုသည်မှာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းနှင့် မဖြစ်သင့်သည်များကို မလုပ်ဆောင်ရန် တားမြစ်ခြင်းပင်ဖြစ်ကြောင်း၊ စစ်စည်းကမ်းများကို အလေးထား လိုက်နာမည်ဆိုပါက တပ်တွင်းစည်းလုံး ညီညွတ်မှုကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များအချင်းချင်း စည်းလုံးညီညွတ်မှုရှိပါက တပ်မတော်ကို မည်သူမျှဖြိုခွဲ၍ ရနိုင်မည် မဟုတ်ကြောင်း။
မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ပါတီတစ်ခုနှင့်တစ်ခု၊ အဖွဲ့တစ်ခုနှင့် တစ်ခု နိုင်ငံရေးအရ တိုက်ခိုက်ခြင်းများရှိကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံရေးအရ မရင့်ကျက်ခြင်းများကြောင့်ဖြစ်ပြီး တပ်မတော်သည် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သဖြင့် တပ်မတော်၏ ထောက်ခံမှုများကို လိုလားကြကြောင်း၊ သို့သော် အချို့သော အဖွဲ့များက တပ်မတော်အင်အားချိနဲ့စေရန် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး အခြေခံဥပဒေအရ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရန်နှင့် တပ်မတော်၏ အင်အားကိုချိနဲ့စေရန် ကြိုးပမ်းဆောင်ရွက်လာမှုများ ရှိလာခဲ့သည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုမှန်ကန်ပြီး တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိနေသည့် ကာလတစ်လျှောက်လုံး တိုင်းပြည်ကိုဖြိုခွဲ၍ရနိုင်မည် မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပြီး သက်သာချောင်ချိရေးလုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လေ့ကျင့်ရေး လုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ခဲ့ကြောင်း၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ် စသည်တို့ဖြင့် တပ်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း။
တပ်များအားလုံး စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် တပ်မှူးခေါင်းဆောင်များ အားလုံးက ဆောင်ရွက်ကြရမည်ဖြစ်ပြီး စစ်စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို မျှမျှတတဖြင့် ဆောင်ရွက်သွားမည်ဆိုပါက အုပ်ချုပ်မှု ညီညွတ်မျှတမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုမရှိပါက အုပ်ချုပ်မှုလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုရှိရန် အရေးကြီး လိုအပ်သဖြင့် တပ်မတော်သားအားလုံး အလေးထား နေထိုင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်သားများ သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးထားပြီး တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံခန့်ခွဲသည့် ခေါင်းဆောင်အသီးသီးမှစနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လက်အောက်မှလည်း စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ယခုထက် ပိုမို၍ တပ်တွင်း စည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဆိုပါက တပ်ပြင် စည်းရုံးရေးများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်တွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် အသား၊ ငါးနှင့် ဥများကို ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ရောင်းချပေးမှုများလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ တိုင်းပြည် စီးပွားရေးကောင်းမွန်ရန်အတွက် လည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေး ကောင်းမွန်ရန်အတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့် အဖြုန်းကို ခွဲခြားသိရှိကြစေလိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးကို သာမက တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုပါ ဆောင်ရွက်မည်ဆိုပါက မိမိတို့၏သက်သာချောင်ချိရေးကို ပိုမိုအထောက်အကူပြု စေမည်ဖြစ်ကြောင်း။
စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ ကောင်းမွန်အောင်မြင်ပါက စိတ်ဓာတ်များတက်ကြွလာမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုပြီး တပ်တွင်း အားကစားပွဲများဆောင်ရွက်၍လည်း စိတ်ဓာတ်မြှင့်တင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားပွဲများတွင် အောင်မြင်မှုသည် အောင်ပွဲခံယူချင်သည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် မည်သည့်အလုပ်ကို ဆောင်ရွက်သည်ဖြစ်စေ အလေးထား ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများရရှိမည် ဖြစ်ကြောင်း ဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
