မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ပတ်ဝန်းကျင်ဆိုင်ရာ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ရေအသုံးပြုမှု၊ ရေဆိုးစွန့်ထုတ်မှုနှင့် ပတ်သက်၍ အသိပညာ ပြန့်ပွားရေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးမျိုးထွဋ်ဆွေက ပုဂ္ဂလိကစက်မှုလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ရာတွင် လိုက်နာရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များအား ဆွေးနွေးဟောပြောပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဘောက်ရာက စွန့်ပစ်ရေနှင့် စွန့်ပစ်ရေးဆိုး သန့်စင်သည့် နည်းစနစ်များအကြောင်း သိကောင်းစရာများအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဘွိုင်လာအသုံးပြုသည့် စက်ရုံများမှ ထွက်ရှိလာသည့် အမှုန့်အမွှားများနှင့် အခိုးအငွေ့များအား သန့်စင်သည့်အကြောင်း သိကောင်းစရာများ၊ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ်အကြောင်း သိကောင်းစရာများ၊ စွန့်ပစ်ရေစီမံခန့်ခွဲမှုနှင့် ရေအရင်းမြစ်နှင့် မြစ်ချောင်းများအကြောင်းတို့ကို တာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)