စဥ့်ကူးမြို့နယ်၊ ရွှေသတ္တုတူးဖော်ရေးအင်းအတွင်း၌ ကျောက်နှင့် မြေစာပြိုကျပိမိ၍ တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးမှု

နေပြည်တော် ၂၈ ဧပြီ

 


ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီခွဲခန့်က စဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာရှိ ဦးထက်ရည်လင်း(၃၂)နှစ်၊ (ဘ)ဦးတင်ဆန်း ညောင်ပင်ဝင်းရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူပိုင် ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အမှတ် (SGU-1A)အတွင်းသို့ တရုတ်နိုင်ငံသား Liu Diahing (၄၆)နှစ်၊ (ဘ)ဦးလျှန်ဟိုက် ကူမင်းမြို့၊ တရုတ်နိုင်ငံနေသူနှင့် စကားပြန် ဝဏ္ဏအောင်(၃၂)နှစ်၊ (ဘ)ဦးအောင် ကံတောင်ကျေးရွာ၊ စဥ့်ကူးမြို့နယ်နေသူ ဇော်မင်း(၃၄)နှစ်၊ (ဘ)ဦးတင်ဌေး မိုက်တင်ကုန်း ကျေးရွာ၊ ရေစကြိုမြို့နယ်နေသူတို့ ၃ ဦးသည် လုပ်ငန်းဆောင်ရွက်ရန် အင်းအတွင်းဆင်းခဲ့ရာ ၅၆ ပေခန့် အရောက်တွင် အပေါ်နံရံမှ ကျောက်နှင့် မြေသားများပြိုကျပြီး တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


အဆိုပါ ကျောက်နှင့် မြေသားများပြိုကျမှုကြောင့် ဝဏ္ဏအောင်(၃၂)နှစ်မှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ Liu Diahing (၄၆)နှစ်တွင် ဝဲနဖူးပွန်းပဲ့ဒဏ်ရာဖြင့် သတိမေ့လျက်တွေ့ရှိရပြီး ဇော်မင်း (၃၄)နှစ်တွင် ဝဲ/ယာ မျက်လုံး၊ ယာပါး ဖူးရောင်၊ ယာနား၊ ပါးစပ် သွေးထွက်၊ မေးစေ့အောက်၊ ဝဲခြေသလုံး ပေါက်ပြဲသွေးထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ကျည်တောက်ပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ Liu Diahing (၄၆)နှစ်အား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် မတ္တရာမြို့နယ်အနီး၌ သေဆုံးသွားခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ လက်ပန်လှနယ်မြေရဲစခန်းသေမှုသေခင်း အမှတ်စဉ်(၁၃/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

 


MDN