ရန်ကုန် ၇ ဧပြီ
လာမည့် ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် Mister & Miss Culture World Myanmar 2018 Grand Final ပြိုင်ပွဲကို ယမန်နေ့ညပိုင်းက ရန်ကုန်အင်တာနေရှင် နယ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့ ဒီပြိုင်ပွဲကတော့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်း ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် အမွေအနှစ်တွေ ရှိကြပါတယ်။ ဒီယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်ပြသနိုင်ဖို့၊ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖလှယ်သွားနိုင်ဖို့ ရည်ရွယ်ပြီး Culture World ပြိုင်ပွဲကို နှစ်စဉ်ကျင်းပပါတယ်။ ဒီပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အလှမောင်တွေ၊ မယ်တွေကိုရွေးချယ်ပေးဖို့အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံက တတိယအကြိမ် သွားရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်" ဟု Culture World Myanmar 2018 ပြိုင်ပွဲ နေရှင်နယ်ဒါရိုက်တာ ကိုထက်ဝေဟင်ကပြောသည်။
အဆိုပါ မောင်မယ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား၁၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယင်းတို့အနက် Winner ဆုရသူများကို လာမည့် ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်င ကိုယ်စားပြုသွားရောက်ကာ Culture World ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် အမျိုးသား Mister ပြိုင်ပွဲ၌ ပိုင်ရှားကိုက Culture World Heritage Myanmar 2018 Winner ဆု ရပြီး လင်းယံက ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့သည်။ Culture World Myanmar 2018 Winner ဆုကိုတော့ သတိုးအောင်ကဆွတ်ခူးပြီး ကိုကိုစန်းက ဒုတိယဆုဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီးအလှမယ်ပြိုင်ပွဲတွင် Miss Culture World Charity Myanmar 2018 Winner ဆုကို တိမ်လွှာမြင့်မိုရ်ကလည်းကောင်း၊ Miss Culture World Heritage Winner ဆုကို ဆုပိုပိုထက်ကလည်းကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့သည်။
Miss Jewel of Myanmar Winner ဆုကိုတော့ ပန်းသွေးကိုက ဆွတ်ခူးပြီး စွမ်းရည်ကြယ်စင်က ဒုတိယဆု ရရှိသည်။ Miss Culture World Myanmar 2018 Winner ဆုကိုတော့ နော်သက်မြတ်ဟံက ဆွတ်ခူးပြီး ဒုတိယဆုကို သိမ့်နေခြည်က ရရှိသွားသည်။
Winner ဆုရှင်များအနေဖြင့် လာမည့် ဇွန်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် Culture World ပြိုင်ပွဲသို့ သွားရောက်ကာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ မြင့်မောင်စိုး