နောင်ချို ၂၃ အောက်တိုဘာ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ စုံနံ့သာပရဟိတအဖွဲ့မှ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၆၀)အား ဆန်၊ ဆီ၊ ဆား၊ အသားတု၊ သကြား၊ လက်ဖက်ခြောက်စသော စားသောက်ကုန်များကို ယနေ့ နံနက် ၉နာရီက တောင်ရပ်ကွက် ဓမ္မာရုံရှေ့၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စုံနံ့သာပရဟတအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား ယနေ့ထောက်ပံ့မှုမှာ ဒုတိယအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရစေရန် ရည်ရွယ်၍ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စုံနံ့သာပရဟိတအဖွဲ့သည် ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအား ကူညီထောက်ပံ့ပေးအပ်မှု သာမက ယခင်ကာလများ၌လည်း ဘာသာရေးပွဲများ၊ လူမှုရေးပွဲများ၊ ပညာရေးပွဲတော်များတွင် အာဟာရအဖြစ် စတုဒီသာများ ကျွေးမွေးခြင်း၊ လုပ်အားဒါနများ ကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် မြို့နယ်မှ အားထားရသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို ပြန်/ဆက်။


