စုပေါင်းအင်အား အလေးထား

၂ Apr

 

‘သမဂ္ဂါနံ တပေါ သုခေါ’ - စည်းလုံးညီညာ အောင်ကြောင်းဖြာသည့်သဘောကို မိမိတို့နားလည် သဘောပေါက်ထားကြပြီးဖြစ်သည်။အောင်မြင်မှုကို ရယူလိုပါက စည်းလုံးညီညွတ်မှု (ဝါ) စုပေါင်းအင်အားတို့ လိုသည်။ တစ်ပင်ချင်း တစ်မျှင်ချင်းတွင် အင်အားနည်းပါးလှစွာသောမြက်ပင်၊ ကောက်ရိုးမျှင်တို့ကို စုစည်း၍ ကောင်းစွာကျစ်ထားသော ကြိုးကအင်အား ကြီးမားလှစွာသော ဆင်ပြောင်ကြီးကိုပင် တုပ်နှောင်နိုင်သည်။

 

ယနေ့မိမိတို့နိုင်ငံ၏ အခြေအနေသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ ဖွံ့ဖြိုးတိုးတက်စေဖို့ စတင်ရုန်းကန်နေရသည့် အချိန်တွင် ပြည်တွင်းပြည်ပ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်သည်။ ယင်းသို့သော အခြေအနေတွင် နိုင်ငံတော်အစိုးရက ဦးစားပေး ရည်မှန်းချက် ပန်းတိုင်အလိုက် စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ရာ - (၁) တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းကိုလည်းမိမိတို့ သိရှိကြပြီးဖြစ်သည်။ ဦးစားပေးမှု အစီအစဉ်အရ ပြည်သူများ၏ဆန္ဒနှင့် မျှော်လင့်ချက်များကို ထိပ်ဆုံးတွင်ထားကာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ရှင်းလင်းစွာချပြထားပြီးဖြစ်သည်။

 

နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု(၂)နှစ်ပြည့် အခါသမယ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းတွင် “ယခုလာမယ့်မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်အတွက် ကျွန်မတို့အစိုးရအနေနဲ့ “စုပေါင်းအင်အား” ကို အလေးထားပြီး နိုင်ငံရဲ့စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်” ဟူ၍ ထည့်သွင်းပြောကြားခဲ့ရာ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ကိုက်ညီသည့် ပကတိလိုအပ်ချက်ပင်ဖြစ်ပြီး စုပေါင်းအင်အားတို့ ကျစ်လျစ်ခိုင်မာသည်နှင့်အမျှ မည်သည့် အခက်အခဲ၊ မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ကျော်လွှား ထွင်းဖောက်သွားနိုင်မည်သာ ဖြစ်သည်။ မိမိတို့နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတည်ဆောက်ရာတွင် စုပေါင်းအင်အားသည် အဓိကဖြစ်ကြောင်း၊ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများငြိမ်းအေးစေရန်မှာ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုက အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ယင်းအုတ်မြစ်ကို စုပေါင်းအင်အားဖြင့်ခိုင်မာအောင် ဆောက်တည်နိုင်ကြောင်း လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ပြခဲ့သည်။

 

“အစုအဖွဲ့၊ ဂိုဏ်းဂဏစိတ်တွေကို ဖယ်ရှားပြီး နိုင်ငံနဲ့ပြည်သူများအကျိုး သယ်ပိုးရာမှာ မည်သူ့ကိုမျှ လက်ညှိုးမထိုး၊ မိမိရဲ့စေတနာ၊ ပညာ၊သတ္တိတွေကိုသာ လူတိုင်း လူတိုင်း အထွတ်အထိပ်ရောက်အောင် ကြိုးစားဆောင်ရွက်မယ်ဆိုရင် ဘယ်လိုကြီးမားခက်ခဲတဲ့ စိန်ခေါ်မှုပဲဖြစ်ပါစေ၊ ကျော်လွှားနိုင်မယ်လို့ ခိုင်မာစွာယုံကြည်ပါတယ်”ဟူ၍လည်း ပြောကြားခဲ့ရာ တစ်နည်းအားဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခံယူရမည့် စိတ်ဓာတ်နှင့် တစ်ဦးချင်း ဖြည့်ကျင့်ရမည့် နှလုံးရည်တို့ပင်ဖြစ်သည်။

 

နိုင်ငံလွတ်လပ်ရေးအတွက် အသက်ပေးခဲ့သည့် လွတ်လပ်ရေး၏ဖခင်ကြီးများ မျှော်မှန်းခဲ့သည့် တရားမျှတမှုနှင့် လွတ်လပ်သည့်နိုင်ငံ၊ လူခပ်သိမ်းတို့ ငြိမ်းချမ်းစေဖို့အတွက် ခွင့်တူညီမျှမှုကို အာမခံနိုင်သည့် ဖြူစင်သည့် ဝါဒကျင့်သုံးသည့်နိုင်ငံ အမှန်တကယ်ဖြစ်လာစေရေးနှင့် နိုင်ငံတစ်ဝန်းတွင် ရုပ်ပိုင်းစိတ်ပိုင်း လုံခြုံအေးချမ်းစွာ ဖွံ့ဖြိုးရေးတို့အတွက်လည်း စုပေါင်းအင်အားဖြင့် ကြိုးစားကြရေးတိုက်တွန်းခဲ့ရာ မြန်မာ သက္ကရာဇ် ၁၃၈၀ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တို့ဖြင့်ညီညာဖြဖြ ကြိုးပမ်းကြစေလိုကြောင်း။ ။