စုပေါင်းအင်အားကို အလေးထား စိန်ခေါ်မှုများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ပြု

၂  ဧပြီ

 

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့သည် ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ နိုင်ငံ့တာဝန်ယူမှု နှစ်နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ နှစ်နှစ်တာကာလအတွင်း အစိုးရအဖွဲ့က နိုင်ငံနှင့် ပြည်သူအတွက် စွမ်းဆောင်ခဲ့မှုများတွင် အောင်မြင်မှုများ၊ အားသာမှုများ၊ အားနည်းချက်များ ရှိမည်ဖြစ်သည်။ ယင်းအခြေအနေများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့် မိန့်ခွန်းတွင် ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မြန်မာသက္ကရာဇ် ၁၃၈၀ ပြည်နှစ်အတွက် ကျွန်မတို့အစိုးရအနေနဲ့ “စုပေါင်းအင်အား” ကို အလေးထားပြီး နိုင်ငံရဲ့ စိန်ခေါ်မှုကြီးများကို ကျော်ဖြတ်ဖို့ သန္နိဋ္ဌာန်ချလိုက်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတည်ဆောက်ရာမှာ စုပေါင်းအင်အားဟာ အဓိကပါ၊ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ငြိမ်းအေးစေဖို့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန် လေးစားမှုက အခြေခံအုတ်မြစ်ပါ။ ဒီအုတ်မြစ်ကို စုပေါင်းအင်အားနဲ့ ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်၊ ပြည်သူများက အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေးစေချင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့ အနာဂတ်အကျိုး မျှော်ကိုးပြီး လူငယ်များ ပါဝင်စေချင်ပါတယ်။ ပါဝင်နေကြတာကိုလည်းတွေ့ရလို့ အင်မတန်မှ ဝမ်းသာပါတယ်” ဟု ပြောကြားခဲ့သည်။

 

ယနေ့ နိုင်ငံတော်တွင် အရေးတကြီးလိုအပ်နေသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်ရာတွင် ပြည်သူများ၏ စုပေါင်းအင်အားဖြင့် တည်ဆောက်နိုင်သည်ကို အသိပေးထားသလို ပြည်သူများအနေဖြင့်လည်း ပါဝင်ဆောင်ရွက် နေသည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ရသည်။ တစ်ဆက်တည်းတွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်းတွင်လည်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို အစိုးရ၏ ဦးစားပေးရည်မှန်းချက် ပန်းတိုင်များအဖြစ် ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စတင်ရုန်းကန်နေရသည့် အချိန်တွင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ မည်သို့ပင် ရင်ဆိုင်ရသည်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ယမန်နှစ်က ရိုးသားဖြောင့်မတ်စွာဖြင့် ချမှတ်ခဲ့သော “ပြည်သူနှင့်အတူ” ဆောင်ပုဒ်နှင့်အညီ ပြည်သူတို့၏ စုပေါင်းအင်အားနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း တာဝန်သိစွာဖြင့် ရပ်တည်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ နိုင်ငံ့တာဝန်ယူခဲ့ပြီးနောက် နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် လွတ်လပ်ရေး ဖခင်ကြီးများ မျှော်မှန်းခဲ့သည့် တရားမျှတမှုနှင့် လွတ်လပ်သည့်နိုင်ငံ၊ လူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမည့် ဖြူစင်သည့်ဝါဒ ကျင့်သုံးသည့်နိုင်ငံ အမှန်တကယ်ဖြစ်စေဖို့ စုပေါင်းအင်အားဖြင့် လုပ်ဆောင်ကြဖို့ မမှိတ်မသုန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်ကို ကြေးမုံကအလေးအနက် ယုံကြည်ပါသည်။ ။

 

ကြေးမုံ(အယ်ဒီတာ့အာဘော်)