၁ ဧပြီ
နိုင်ငံတော်၏တာဝန်ကို ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် စတင်တာဝန်ယူခဲ့သည့် ပြည်သူ့အစိုးရသက်တမ်း သုံးနှစ်ပြည့်ပြီဖြစ်သည်။ ပြည်သူများ တစ်ခဲနက်ထောက်ခံမှုဖြင့် ဖြစ်တည်လာခဲ့သော ပြည်သူ့အစိုးရသည် သုံးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိပြည်သူများ၏လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း ပြည်သူအများစု၏ အဓိကလိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရပ်သားအစိုးရသက်တမ်းကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ပြုထားသည့်အတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။ လူသားများအား တစ်နေ့တခြား အန္တရာယ်ပြုလျက်ရှိသော မူးယစ်ဆေးဝါးပြဿနာကို အလေးထားနှိမ်နင်းလျက်ရှိပြီး နိုင်ငံတစ်ဝန်းမှပြည်သူများ၏ တိုင်ကြားချက်များကို ထိရောက်စွာအရေးယူဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးရေး၊ သန့်ရှင်းသောအစိုးရဖြစ်ရေးကို အဟန့်အတားဖြစ်စေသည့် အဂတိလိုက်စားမှုကို မျက်နှာကြီးငယ်မရွေး တိုက်ဖျက်လျက်ရှိရာ အောင်မြင်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား တစ်ပြေးညီတိုးမြှင့်ပေးနိုင်ခဲ့ရာ ဘဝနေညိုချိန်ရောက်နေသည့် အငြိမ်းစားပြည်သူများအတွက် သာဓုခေါ်စရာဖြစ်သည်။ သန့်ရှင်းသောမြို့ပြများဖြစ်စေရေး၊ ပြည်သူများ သွားလာမှုလွယ်ကူစေရေး အတွက် ဆောင်ရွက်ချက်များမှာ ထိရောက်မှုရှိသည်ဟု ဆိုနိုင်သည်။
နိုင်ငံအတွင်းရှိ ပြည်သူအများ လိုအပ်သောဆန္ဒများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်လိုအပ်ချက်များကို အချိန်တိုအတွင်း ထိရောက်စွာ အကောင်အထည်ဖော်ပေးလျက်ရှိသည်။ ပညာရေးစနစ်ကို ယခုနှစ်တွင် စတင်ပြုပြင်ပြောင်းလဲဆောင်ရွက်နေပြီး ကျန်းမာရေးကဏ္ဍတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုကို နှစ်စဉ်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
လျှပ်စစ်မီးရရှိရေးသည် နိုင်ငံဖွံ့ဖြိုးရေး၊ ပြည်သူများလူမှုဘဝမြင့်မား တိုးတက်ရေးတွင် အရေးကြီးသဖြင့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အား ပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများကို တည်ဆောက်ပေးလျက်ရှိရာ ယ ခုနှစ်ကုန်တွင် ပြည်သူလူထု ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်မည်ဟုသိရသည်။ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးကို နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသများတွင်ပါ ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြည်ထောင်စုလမ်းမကြီး ၁၄၄ လမ်းတွင် ကွန်ကရစ်လမ်း ၃၆၇ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၃၃၆ မိုင် ၃ ဖာလုံ၊ နိုင်လွန်ကတ္တရာလမ်း ၁၃၂၂ မိုင် ၆ ဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လမ်းမိုင်ပေါင်း ၂၆၃၁၃ မိုင် ဖောက်လုပ်ထိန်းသိမ်း လျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် ပေ ၁၈၀ နှင့်အထက်တံတားအစင်း ၅၀ဝ ကျော် တည်ဆောက်ပေးထားပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံအတွင်းရှိကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း၊ ကျေးလက်ပြည်သူအားလုံး၏ ၉၀ ရာ ခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်မည့် ကျေးလက်လမ်းများ ဖြစ်စေရေး နှစ်စဉ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ပြည်သူ့အစိုးရအနေဖြင့် အချိန်တိုကာလအတွင်း ပြည်သူများ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ အခက်အခဲများ၊ စိန်ခေါ်မှုများ များစွာရှိပေသည်။ ထိုအခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ပြည်သူများ၏လိုအပ်ချက်များကို ပြည်သူများ၏ စုပေါင်းအင်အားဖြင့်ပြည်သူ့အစိုးရက အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူများကလည်း ကိုယ်စီတာဝန်သိစွာဖြင့် လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများ၏တစ်ခဲနက်ထောက်ခံမှုဖြင့် နိုင်ငံတော်တာဝန်ကိုယူခဲ့သော ပြည်သူ့အစိုးရသည် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးစီးပွားကို မျက်ခြည်ပြတ်မခံဘဲ အားနည်းချက်များကိုပြုပြင်၍ အောင်မြင်မှုများကို တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရင်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ရောက်ရှိအောင် သယ်ပိုး ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း။
ကြေးမုံ