စုပေါင်းဆွေးနွေး ညှိနှိုင်းတောင်းဆိုမှုမှတစ်ဆင့် အလုပ်သမားများဘဝရပ်တည်ရေး၊ အခကြေးငွေရရှိစေရေးတို့အတွက် အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်းလုပ်ငန်းကဏ္ဍ ပြောင်းလဲလာစေရေး ဆွေးနွေးပွဲ ရန်ကုန်မြို့၌ကျင်းပ

ရန်ကုန် ၁၈ စက်တင်ဘာ 

 

လုပ်ငန်းကဏ္ဍ အသီးသီးတွင် စုပေါင်းဆွေးနွေး ညှိနှိုင်းတောင်းဆိုမှုမှတစ်ဆင့် အလုပ်သမားများ ဘဝရပ်တည်ရေး၊ အခကြေးငွေရရှိစေရေးတို့အတွက် အထည်ချုပ်၊ အထည်အလိပ်နှင့် ခြေဝတ်ပစ္စည်းလုပ်ငန်းကဏ္ဍ ပြောင်းလဲလာစေရန် စုပေါင်းသဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sedona ဟိုတယ်၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ Action Collaboration Transformation (ACT) ကိုယ်စားလှယ်များ၊ နိ်ုင်ငံတကာ Brand  ကိုယ်စားလှယ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံ မြို့နယ်များအတွင်းရှိ စက်မှုဇုန်များမှ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများ၊ UMFCCI မှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)မှ အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

 

အဆိုပါနွေးနွေးပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ACTတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ACT အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး လှိုင်သာယာမြို့နယ် ရွှင်လင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) ဒုတိယ ဥက္ကဋ္ဌ ဦးနော်အောင်တို့က သက်ဆိုင်ရာ ရှုထောင့်များအလိုက် အကြောင်းအရာများကို ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် ACT ကိုယ်စားလှယ်တစ်ဦးက ACT အနေဖြင့် နိုင်ငံတကာ အလေ့အထများနှင့် နိ်ုင်ငံအဆင့် စုပေါင်းဆွေးနွေးညှိနှိုင်း တောင်းဆိုမှုများ၊ မြန်မာနိ်ုင်ငံအတွင်း ACT လုပ်ငန်း အလားအလာများကို ရှင်းလင်းပြောကြားပြီး လက်ရှိအထည်ချုပ်လုပ်ငန်းများ၏ အခြေအနေများနှင့် အလုပ်ရှင်၊ အလုပ်သမား အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ 

 

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ``ဆွေးနွေးပြောဆိုနေတဲ့ စုပေါင်းတောင်းဆိုမှုဆိုတာ အလုပ်ရှင်ရယ်၊ အလုပ်သမားရယ်နှစ်ဖက်စလုံးက ဒီအပေါ်မှာ သဘောတရားတွေကို နားလည်ဖို့လိုတယ်။ သူ့ရဲ့သွားရမယ့်လမ်းကြောင်းကို နားမလည်ရင် အဓိပ္ပာယ်တစ်မျိုးပေါက်သွားပြီး လမ်းကြောင်းလွဲသွားနိုင်တယ်။ အဲဒီလိုမလွဲဖို့အတွက် ဒီလမ်းကြောင်းကိုသွားတဲ့အခါမှာ တစ်ဆင့်ပြီးတစ်ဆင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကို အသိပညာပေးမှုတွေ အများကြီးလုပ်ဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေလုပ်ပြီးတော့မှ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်မှ အောင်မြင်တဲ့ နေရာကိုရောက်မှာပါ။ ဒါကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားတွေကို အသိပညာပေးမှုတွေ အများကြီးလုပ်ပြီးမှ ဒီအရာကို သွားသင့်တယ်လို့မြင်ပါတယ်´´ဟု ပြောသည်။

 

ဆက်လက်၍ ၎င်းက ``အလုပ်သမားတွေအတွက် အလုပ်လုပ်တဲ့ လုပ်ခတင်မဟုတ်ဘဲ မိသားစုနေထိုင်စားသောက်နိုင်တဲ့ လစာလောက်အထိပေးဖို့ သူတို့က ပြောတယ်။ အဲဒီအခါကျတော့ အများကြီး ကျယ်ပြန့်သွားတယ်။ အနည်းဆုံးလုပ်ခလစာကို ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ပြေးညီ သတ်မှတ်တာတောင်မှ စိန်ခေါ်မှုတွေအများကြီး ရှိခဲ့တယ်။ ဒါ့ကြောင့် အဲဒီအဆင့်လောက်အထိ ရောက်ဖို့အတွက် အများကြီးလုပ်ရပါဦးမယ်´´ ဟုပြောသည်။

 

ယနေ့ဆွေးနွေးပွဲတွင် သက်ဆိ်ုင်ရာကဏ္ဍများအလိုက် ဝိုင်းဖွဲ့ဆွေးနွေးမှုများပြုလုပ်ကြပြီး မေးခွန်းများမေးမြန်းသည့်အပေါ် ACT မှ ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားကြသည်။

 

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ``ဒီနေ့လုပ်တဲ့ဆွေးနွေးပွဲကတော့ ACT လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ IWFM က အဖွဲ့ဝင်ထားတဲ့ Industri All နဲ့ ပစ္စည်းအပ်တဲ့သူတွေ  စုပေါင်းပြီးတော့ သဘောတူညီမှုထားတဲ့ Brand တွေသည် အလုပ်သမားတွေကို နေထိုင်စားသောက်မှုအတွက် လုံလောက်တဲ့ လုပ်ခလစာကို သူတို့ပေးချင်တယ်။ ဒီဟာကိုပေါင်းပြီးတော့ လုပ်ကြမယ်ဆိုတဲ့ သဘောတူညီမှု တစ်ခုက ACT ဖြစ်ပါတယ်။ အဲဒါကို အပြည်ပြည်ဆိုင်ရာမှာ ပစ္စည်းအပ်၊ ဝယ်သူတွေ၊ Brand တွေနဲ့ အလုပ်သမားအဖွဲ့ချုပ်က သဘောတူညီပြီးတဲ့အခါမှာ မြန်မာနိုင်ငံမှာ ဒါကိုဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလဲဆိုတာကို လာရောက်ပြီး ဆွေးနွေးတဲ့ အစည်းအဝေးဖြစ်ပါတယ်´´ ဟုပြော သည်။

 

ဆက်လက်၍ ၎င်းက ``ဒီမှာတော့ ကျွန်မတို့က လစာဘယ်လောက်ယူမယ်။ ဘယ်လောက်ရသင့်တယ်လို့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ နေထိုင်စားသောက်မှုအတွက် လုံလောက်တဲ့လစာကို ရရှိဖို့အတွက် ဘယ်လိုလုပ်မလဲ၊ အလုပ်ရှင်၊ အလုပ်သမားဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ၊ ဘယ်နည်းနဲ့ လုပ်ကြမလဲဆိုတာကို ဆွေးနွေးတာဖြစ်ပါတယ်။ အတူတူပူးပေါင်းခြင်းအားဖြင့် လုပ်ခလစာလုံလောက်တာအပြင် ချည်မျှင်အထည်ချုပ် ကဏ္ဍတစ်ခုလုံးအတွက် ဘယ်လိုတိုးတက်ကာင်းမွန်သွားမလဲ၊ ဘာရလဒ်တွေရှိမလဲဆိုတာကိုလည်း ဒီမှာဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကိုသွားဖို့အတွက်ဆိုရင် အဓိက လိုအပ်ချက်ကတော့ လုပ်ငန်းကဏ္ဍအဆင့် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ရယ်၊ စာချုပ်တွေချုပ်ဆိုဖို့ရယ်က အဓိကကျပါတယ်။ ဒီနေ့အစည်းအဝေးကတော့ ဒါတွေကိုလာပြီး မိတ်ဆက်တာပါ။ ဒါကိုသဘာကျကြတယ်ဆိုရင် နောက်ပိုင်းမှာတော့ ထပ်ပြီးဆွေးနွေးစရာတွေ ရှိပါတယ်´´ ဟုပြောသည်။

 

စက်မှုကဏ္ဍနှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်နှင့် အလုပ်သမားများ ကျွမ်းကျင်မှုရှိစေရန်၊ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်စေရန်နှင့် လုပ်ခလစာတိုးမြှင့်စေရန် ဆောင်ရွက်ရာတွင် စုပေါင်းညှိနှိုင်း ဆွေးနွေးတောင်းဆိုမှု၏ အရေးပါမှုကို နားလည်သဘောပေါက်စေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အထည်ချုပ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်