စုပေါင်းစွမ်းအားဖြင့် ဆန့်ကျင် နိုင်ငံတစ်ခွင်အဂတိကင်းစင်

 

နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ တာဝန်ကျေပွန်မှုတို့ လိုအပ်သကဲ့သို့ ကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းကြရန်လည်း လိုသည်။  နိုင်ငံ့ဝန်ထမ်းများသည်  နိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်ရေးအတွက် အဓိကတာဝန် ထမ်းဆောင်နေကြသူများဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရသူများဖြစ်သည်။

ဝန်ထမ်းသည် ပြည်သူထဲမှ ပြည်သူတစ်ဦးဖြစ်သည်နှင့်အညီ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် နိုင်ငံသားတိုင်း လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းနှင့် အမိန့်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသကဲ့သို့ ဝန်ထမ်းတစ်ဦး အနေဖြင့်လည်း ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းတို့ကို အလေးထား၍ လိုက်နာကျင့်သုံးရမည် ဖြစ်သည်ကို သတိပြုကြရန်လိုသည်။ နိုင်ငံ့ဝန်ထမ်းများ စောင့်ထိန်းရမည့်ကျင့်ဝတ်များတွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ရန်၊ ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူ့ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်း စောင့်ရှောက်ရန်၊ တာဝန် အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကို ရှောင်ကြဉ်ရန်၊ တရားသဖြင့် ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရန် စသည့်အချက်များလည်း ပါဝင်လျက်ရှိရာ အလေးထား လိုက်နာကျင့်သုံးခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားအလေးထားမှုများ မြင့်မားလာမည်ဖြစ်သည်။

ဝန်ထမ်းအဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု ပြဿနာသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းများစွာ အမြစ်တွယ်ပျံ့နှံ့လျက်ရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာရေး၊ ပြည်သူ လူထုအတွင်း ကိုယ်စိတ်နှစ်ပါး ချမ်းသာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အထိ နယ်ပယ်ကဏ္ဍအသီးသီးတို့တွင် ဟန့်တားနှောင့်ယှက်မှုများ ဖြစ်ပေါ် လျက်ရှိသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နိုင်ငံကို ပြန်လည်ထူထောင်ရာတွင် ဝန်ထမ်းများအတွင်း အဂတိလိုက်စားမှုကင်းရှင်းရေးအတွက် ‘‘အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေ” ကို ၁၉၄၈ ခုနှစ်တွင် ပြဋ္ဌာန်းကာ ပြည်သူပိုင်ပစ္စည်းများ၊ ပြည်သူ့ဘဏ္ဍာငွေများနှင့် နိုင်ငံသား တို့၏ အခွင့်အရေး၊ အကျိုးစီးပွားတို့ကို ကာကွယ်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် ‘‘အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ” ကို ပြဋ္ဌာန်း ခဲ့ပြီး ယင်းဥပဒေအရ ၂၀၁၄ ခုနှစ်တွင် ‘‘အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်” နှင့် ကော်မရှင်ရုံးတို့ ပေါ်ပေါက် လာခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ၁၀ နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေရန် ရည်မှန်းချက်ဖြင့် အဂတိလိုက်စားမှုဆိုင်ရာ ပြည်သူပညာပေးလုပ်ငန်းများ၊ တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ဘေးအန္တရာယ်ဖြစ်သည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အဂတိကင်းစင်သည့် နိုင်ငံတော်ကို တည်ဆောက်နိုင်ပါစေကြောင်း။

မြန်မာ့အလင်း