၂၂ ဇူလိုင်

 


ဆားဘီးယားနိုင်ငံ  မောင့်စတာရာပလာနီနာတောင်ကြီးရဲ့တောင်စောင်းမှာတည်ရှိတဲ့ ရီပတ်စ်နီကာ  အမည်ရ  ရွာကြီးဟာ စိုက်ပျိုးစီးပွား စည်ပင်ဖွံ့ဖြိုးရာ နာမည်ကြီးရွာကြီးတစ်ရွာ ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့  လူသူခြောက်ကပ်နေတဲ့  သရဲတစ္ဆေတွေနေတဲ့  မြို့ရွာတစ်ခုလိုဖြစ်နေတာ တွေ့ရပါတယ်။ တစ်ချိန်က လူတွေနဲ့အမြဲစည်ကားနေတဲ့ ဗျစ်ရည်ဆိုင်တွေဟာ ဗလာကျင်း ဟာလာဟင်းလင်း ဖြစ်နေတယ်။ လမ်းတွေလည်း  လူသူကင်းမဲ့နေတယ်။ အိမ်အများစုကလည်း  တံခါးတွေပိတ်ထားကြတယ်။ နေတဲ့လူ    မရှိသလောက်ဖြစ်နေတယ်။   ဒီရွာကြီးဟာ ဘူလ်ဂေးရီးယားနိုင်ငံနယ်နိမိတ်အနီးမှာ ရှိပါတယ်။

 

ပစ်ထားတာကြာလေ ရွာပျက်တွေလိုဖြစ်လာ


အခုလိုအခြေအနေဖြစ်လာခဲ့လို့ ၁၉၉၈ ခုနှစ်တာဝန်ရှိသူတွေက ရွာအဖြစ်မသတ်မှတ်တော့တာ တွေ့ရပါတယ်။ မြို့ကြီးတွေမှာ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာလို့ မြို့တွေဆီကို ရွာခံအားကောင်းမောင်းသန်လူငယ်တွေ ပြောင်းသွားကြတယ်၊   အနီးက   စီးပွားရေးကောင်းတဲ့နိုင်ငံတွေဆီ သွားအလုပ်လုပ်ကြတယ်၊ တိုင်းပြည်ရဲ့ စီးပွား ရေး ကျဆင်းလာတယ်၊ ဘော်လကန်စစ်ပွဲတွေကြောင့်လူတွေ ရွာကို စွန့်ခွာကြတယ်၊ ရိုးရာစိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းတွေမှာ  အကျိုးအမြတ်နည်းလာတယ် စတဲ့အကြောင်းတွေကြောင့်  ရွာမှာ လူတွေမရှိတော့တာလို့ ဆိုပါတယ်။ အနီးကရွာတွေမှာလည်း အလားတူပါပဲ။ သက်ကြီးရွယ်အိုအချို့လောက်သာ   တွေ့ရလေ့ရှိတဲ့ ရွာတွေဖြစ်လာပါတယ်။ စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ဆေးခန်းတွေ၊ တိရ္ဆာန်ဆေးကုခန်းတွေ ပိတ်ထားတာ       တွေ့နိုင်ပါတယ်။ ရွာတွေဆီ အလည်လာသူ မရှိသလောက်ရှားပါတယ်။ လမ်းတွေကလည်း ပျက်စီးနေပြီး ချိုင့်တွေနဲ့ပြန့်ကျဲနေပါတယ်။ “လူတွေက ရွာတွေကို စွန့်ခွာသွား ကြတယ်။ ကိုယ့်ဒေသထက် အခြေအနေပိုကောင်းမယ်ထင်တဲ့နေရာတွေဆီ ထွက်သွားကြတာပဲ။ ကိုယ့်ဒေသ ထက်တော့ နေထိုင်စားသောက်ရေး အဆင်ပြေကြတယ်လို့ ဆိုကြတယ်။ ရွာတွေကတော့ ဒေသခံတွေ ပစ်ထားတာ ကြာလာလေလေ ရွာပျက်တွေလိုဖြစ်လာပြီး အရင်ကလို လူတွေနေပျော်လောက်မယ့် အခြေခံဆောက်အဦတွေ ပြန်မဖန်တီးပေးကြရင် ရွာတွေကအစ တစ်နိုင်ငံလုံးအထိ အခုလိုအခြေအနေမျိုးနဲ့  ရင်ဆိုင်လာနိုင်ပါတယ်”လို့  ရီပတ်စ်နီကာရွာအနီးက ကာလ်နာအမည်ရရွာမှာရှိတဲ့ တိရစ္ဆာန်ဆေးကုဆရာဟောင်း RadeBogdanovic ဆိုသူက ပြောပါတယ်။

 

နောက် ချန်နေခဲ့တဲ့မိဘတွေ၊ အသက်ကြီးသူတွေသာ ကွယ်လွန်သွားရင် ဒီရွာတွေမှာ နေမယ့်သူမရှိတော့ပါဘူးလို့လည်း ပြောပါတယ်။ ကာလ်နာရွာရဲ့ လူဦးရေဟာ လူ ၄၀ဝ၀ ကနေ ၁၀ဝ၀ လောက်သာ ကျန်ပါတော့တယ်။   ဆားဘီးယားနိုင်ငံရဲ့ လူဦးရေဟာ  ၂၀ဝ၂  ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း    လူပေါင်း ၃၇၇၀ဝ၀ ကျော်(သို့မဟုတ်) နိုင်ငံလူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်လျော့သွားခဲ့ပါတယ်။ ဆားဘီးယားနိုင်ငံရဲ့လူဦးရေဟာ ခုနစ်သန်းမျှသာ ရှိပါတယ်။ ဆားဘီးယားသိပ္ပံအကယ်ဒမီရဲ့ဖော်ပြချက်အရ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာပေါင်း ၈၆ ရာ ခိုင်နှုန်း  (ရွာပေါင်း  ၄၆၀ဝ)  ကျော်ဟာ  ဒီလိုအခြေ အနေမျိုးတွေနဲ့ကြုံနေရပြီလို့   သိရပါတယ်။    အနီးက ဘော်လ်ကန်နိုင်ငံတွေနဲ့  ဥရောပအရှေ့ပိုင်းနိုင်ငံတွေမှာ လည်း အလားတူ လူတွေလျော့နေတာ  တွေ့ရပါတယ်။ ဖော်ပြခဲ့တဲ့ရွာတွေကိုဖွဲ့စည်းထားတဲ့  ဆားဘီးယားနိုင်ငံအရှေ့ပိုင်းက ကဂျာဇီဗက်မြူနီစီပယ်ဒေသမှာ နှစ်ပေါင်း ၅၀ အတွင်း  လူပေါင်း ၃၀ဝ၀ဝ ကျော် လျော့သွားခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးရဲ့အဆိုအရ ပထမကမ္ဘာစစ်အတွင်းလောက်က လူအရေအတွက်လောက်သာ ရှိတော့တယ်လို့လည်း ပြောပါတယ်။

 

အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးသင့်တယ်လို့ဆိုကြ


၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ပြည့်နှစ်များအတွင်းကစပြီး နိုင်ငံသားတွေဟာ  ဥရောပအနောက်နိုင်ငံတွေဆီ ထွက်သွားခဲ့ကြပါတယ်။ လူပေါင်းတစ်သန်းလောက်တောင်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ၁၉၉၀ ပြည့်နှစ်  ဘောလ်ကန်စစ်ပွဲတွေအတွင်းမှာကို ဆားဘီးယားနိုင်ငံသားပေါင်း ၇၀ဝ၀ဝ၀ လောက် နိုင်ငံကို စွန့်ခွာခဲ့ကြပါတယ်။ နာမည်ဆိုးလှတဲ့သမ္မတ ဆလိုဘိုဒင်မီလိုရှီဗစ် ပြုတ်ကျတဲ့ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းမှာလည်း လူတွေ ဆက်တိုက်ထွက်ခွာနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရသစ်တက်လာပြီးနောက် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ပေမယ့် ပြည်တွင်းက စက်ရုံအများစုဟာ  တွက်ခြေမကိုက်လို့ ပိတ်ပစ်ခဲ့ကြပါတယ်။ မိသားစုအရွယ်အစားတွေလည်း ငယ်သွားတယ်။ လူနည်းနည်း၊ ပျမ်းမျှ အသက်က ၂၀ဝ၂ ခုနှစ်မှာ အသက်၄၀၊  ၂၀၁၁ ခုနှစ်မှာတော့ အသက် ၄၄ နှစ် ဖြစ်လာပါတယ်။  တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦတွေကို မြှင့်တင်ပေးဖို့အရေးတကြီး လိုအပ်ပါတယ်။ အစိုးရအနေနဲ့ လူငယ်တွေနိုင်ငံတွင်းမှာ နေပျော်ဖို့ အလုပ်အကိုင်ကောင်းတွေ၊ အခြေအနေကောင်းတွေ    ဖန်တီးပေးသင့်တယ်လို့ ဆိုကြပါတယ်။ ၂၀၁၅ ခုနှစ်က  ဆားဘီးယားနိုင်ငံရဲ့   ပါလီမန်အတွင်းမှာ လူ့အခွင့်အရေးဆိုင်ရာ အရာရှိတစ်ဦး ခန့်ထားခွင့်ရပြီး အရှေ့အလယ်ပိုင်းဒေသက       နိုင်ငံစွန့်ခွာလာကြတဲ့ဒုက္ခသည်တွေကို   ဆားဘီးယားနိုင်ငံရဲ့   အခုလို   နေသူနည်းလှတဲ့ရွာတွေဆီ လာရောက်နိုင်ဖို့ ဆောင်ရွက်ခဲ့ပေမယ့်  မအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။

 

ရှေးလူကြီးတွေ ပြောစကားတစ်ခု   မှတ်မိနေပါတယ်။ “အိမ်တွေမှာ  လူရှိနေတာကိုက  မင်္ဂလာတစ်ပါးပဲ”တဲ့။ ရပ်ရွာတွေမှာ၊ နေအိမ်တွေမှာ နေထိုင်သူတွေရှိမှ သင့်တင့်လျောက်ပတ်တာ ဖြစ်ပါတယ်။ အဖေ၊  အမေ၊   အဘိုး၊ အဘွားနဲ့  သားသမီးတွေ    ပျော်ပျော်ပါးပါးနေထိုင်တတ်ကြတဲ့  မြန်မာ့ဓလေ့ဟာ    သိပ်မြတ်နိုးတန်ဖိုးထားစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း မြို့ငယ်လေးတွေ၊ တောရွာလေးတွေအများစုမှာ အထက်ကဖော်ပြထားတဲ့ ဆားဘီးယားနိုင်ငံနဲ့ အလားတူဖြစ်နေတာ တွေ့နိုင်ပါတယ်။

 

ကျွန်တော်ဟာ  အခုအချိန်အထိ  ဆေးခန်းထိုင်နေဆဲမို့ ကလေးလူနာအများစုဟာ အဘိုးအဘွားတွေ၊ အိမ်နီး ချင်းတွေ၊ ဆွေမျိုးတွေက  လာပြနေကြလေ့ရှိတာ မကြာခဏ တွေ့ရပါတယ်။ မိဘတွေက ထိုင်း၊ မလေးရှား စသည်တို့ကို သွားအလုပ်လုပ်နေကြတာမို့ပါ။ ကလေးတွေကိုထားခဲ့ပြီး လင်ရော မယားပါသွားအလုပ်လုပ်ကြရပါတယ်။ ရွာတွေ ရွာတွေမှာ လူတွေနည်းလာနေတယ်။ အရွယ်ကောင်းတဲ့ လူငယ်၊ လူရွယ်တွေ ရှားပါးလာတယ်။ ကိုယ့်နိုင်ငံအတွင်းမှာပဲ  တောရွာတွေကနေ  မြို့ကြီးတွေ ဆီသွားအလုပ်လုပ်ကြတာ  တော်ပါသေးတယ်။  တိုင်းတစ်ပါးမှာ အောက်ခြေသိမ်း အလုပ်တွေကို အောက်ကြေးနဲ့ အာမခံမရှိ၊ အကာ အကွယ်မဲ့စွာ လုပ်နေကြတာ အတော်များလှပါတယ်။

 

ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို အကောင်းဆုံးမြှင့်တင်နိုင်ဖို့ အစိုးရနဲ့  ပြည်သူတွေ လက်တွဲဆောင်ရွက်ကြရပါမယ်။ နိုင်ငံတိုင်းမှာ နေရာအကျယ်အဝန်းနဲ့ သ င့်တော်တဲ့လူဦးရေတော့ရှိသင့်ပါတယ်။ စင်ကာပူလို မြို့နိုင်ငံဟာ သူ့အကျယ်အဝန်းနဲ့လူပေါင်း ငါးသန်း၊ ခြောက်သန်းလောက်သာ နေနိုင်ပေမယ့် မြန်မာနိုင်ငံလို နေရာအကျယ်အဝန်း၊  စိုက်ပျိုးစီးပွား၊ သယံဇာတ၊ သစ်ပင်သစ်တော စသည်တို့နဲ့ကိုက်ညီမယ့်လူဦးရေတော့ ရှိသင့်ပါတယ်။ နိုင်ငံတည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ကာကွယ်ရေး စသည်တို့မှာ သင့်တင့်တဲ့လူပမာဏရှိသင့်ပါတယ်။ အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်ဆိုပေမယ့် အရေအတွက်ကလည်း အတိုင်းအတာတစ်ခုအထိ   အရေးပါပါတယ်။နာမည်ကြီးလှတဲ့ ဖို့ဒ်၊ မာစီးဒီးစ်၊ ရိုးလ်စ် ရွက်စ်စတဲ့မော်တော်ကားတွေ ဘယ်လောက်ပဲစွမ်းအင်ကောင်းတယ်ဆိုပေဦးတော့ ဘီးကတော့ လေးဘီးရှိရမှာ  ဖြစ်ပါတယ်။ ကောင်းလှတဲ့ကားမို့   ဘီးသုံးဘီးနဲ့ပဲ   သွားလို့မရပါဘူး။ ရှိသင့်တဲ့အရေအတွက်ကိုတော့   ရှိသင့်တာဖြစ်ပါတယ်။

 

နိုင်ငံအကျယ်အဝန်းနဲ့သင့်တော်တဲ့     လူတွေဖြန့်ကြက်နေနိုင်ဖို့      အရေးကြီးတယ်လို့  ထင်ပါတယ်။  ဒီလိုသာ နိုင်ငံသားတွေ ကိုယ့်နိုင်ငံထဲက တဖွဲဖွဲထွက်ခွာ နေကြမယ်ဆိုရင် နိုင်ငံအတွက်   သိသာထင်ရှားတဲ့အခြေ အနေတစ်မျိုးမျိုးတော့   တုံ့ပြန်လာနိုင်တယ်ဆိုတာ  အထူး သတိပြုသင့်၊ ဆောင်ရွက်သင့်သည်များ ဆောင်ရွက်ထားသင့်တာ ဧကန်ပဲဖြစ်ပါတယ်။ နိုင်ငံအတွက် အားထားရမယ့်အသိပညာရှင်၊ အတတ်ပညာရှင်တွေရှိနေမှ နိုင်ငံတည်ဆောက်ရေးမှာ အင်အားတွေရှိနေမှာဖြစ်ပါတယ်။ မိတ်ဆွေတစ်ဦးက ထိုင်းနိုင်ငံကို ငါးပိ၊  ငါးခြောက်၊ ငံပြာရည်၊ ပဲငါးပိစတာတွေ တင်ပို့နေပါတယ်။ ထိုင်းနိုင်ငံ သားတွေက ဒါတွေစားလို့လားလို့မေးတော့၊ မဟုတ်ဘူး၊ ထိုင်းမှာနေတဲ့ မြန်မာ တွေစားဖို့တဲ့။  “ထိုင်းနိုင်ငံရဲ့  စက်မှု၊ စိုက်ပျိုးမွေးမြူရေးကစလို့ လုပ်ငန်းအတော်များများမှာ မြန်မာနိုင်ငံသားတွေဟာ အဓိက မောင်းနှင်အားတွေပဲ။ အဲဒီလုပ်ငန်းတွေရဲ့ အခြေခံလုပ်ငန်းတွေမှာ မြန်မာတွေသာ အများစုရှိနေတယ်။ သူတို့စားဖို့ မြန်မာအစားအစာတွေ လိုတယ်။  ဒါကြောင့်ဒီလုပ်ငန်းလုပ်တယ်၊ အဆင်ပြေတယ် လို့”ဆိုပါတယ်။

 

မြန်မာနိုင်ငံဟာ တရုတ်နိ်ုင်ငံရဲ့  Gray Market ခေါ် နည်းပညာနိမ့် စက်မှုပစ္စည်းတွေရဲ့ အဓိကဈေးကွက်ကြီးတစ်ခုဖြစ်နေခဲ့တာ နှစ်ပေါင်းကြာလှပေါ့။     အခုတစ်ခါ ဆေးကုသရေးလုပ်ငန်းများမှာ  ယုံကြည်မှုပျက်ပြားနေသဖြင့် “ပြည်တွင်းကျန်းမာရေးစောင့်ရှောက်မှုများအပေါ်  ယုံကြည်မှုတည်ဆောက်ခြင်း”ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်း ဆွေးနွေးပွဲတောင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ တကယ်လည်း နိုင်ငံခြား ဆေးထွက်ကုသူတွေ များလာနေတာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ထိုင်းဆေးရုံတွေကို ရွေးချယ်ကြတာ များပါတယ်။ ဝန်ဆောင်မှုကောင်းတယ်၊ အချိန်မကုန်ဘူး၊ ကုသမှုကောင်းတယ်၊ ကုန်ကျစရိတ်လည်း သိပ်မကွာလှဘူးလို့ သွားကြသူများမှတစ်ဆင့် သတင်း စကားကြားသိရပါတယ်။ ဒါတွေအားလုံးဟာလည်း နိုင်ငံအတွက် မကောင်းတဲ့လက္ခဏာတွေပါ။   ကျွန်တော်တို့အားလုံး   အထူးပြုပြင်ဆောင်ရွက်ကြရမယ့် Human Resource ကိစ္စဖြစ်ပါတယ်ခင်ဗျား။

 

စားဝတ်နေရေးခက်ခဲမှုက အများစုကို တွန်းပို့နေ


တောရွာတွေမှာဆို အရွယ်ကောင်း ကွမ်းတောင်ကိုင်မလေးတွေမရှိတော့လို့ အမယ်အိုတွေက ကွမ်းတောင်ကိုင်နေကြရတယ်။ အလှူအတန်းဆိုလည်း  အရင်လိုစည်စည်ကားကား ဝိုင်းလုပ်မယ့်သူတွေ  တော်တော်နည်းသွားလို့ အလှူတောင် သိပ်ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ်တော့ဘူးလို့ ကျေးလက်နေပြည်သူအချို့ပြောတာ စိတ်မကောင်းဖွယ် ကြားသိရပါတယ်။ ရွာမှာရှိနေသူတွေကလည်း  အကြွေးဆို  လာမမေးနဲ့  ရသလောက်ယူတယ်၊ ဆပ်ဖို့လိုရင် လှည့်ပြီးချေးတယ်၊   အကြွေးကစားတယ်၊  အကြွေးကို အကြွေးနဲ့လှည့်နေလို့ နောက်ဆုံးတော့ရှောင်ပြေးကြ၊ အမှုအခင်းတွေဖြစ်ကြနဲ့   ဒုက္ခမျိုးစုံကြုံနေကြရတာကိုလည်း တွေ့နေရပါတယ်။ ငွေချေးပေးတယ်ဆိုတာ အလုပ်လုပ်ဖို့ ရင်းနှီးဖို့ဖြစ်ပါတယ်။  ချေးလို့ရတာနဲ့   ဖုန်းဝယ်၊    ရွှေဝယ်၊  လောင်းကစားလုပ်ကြ၊ ဖြုန်းပစ်ကြတယ်။  အရင်းပျောက်တော့ အဆိုးကျော့သံသရာလည်နေကြတာ စိတ်မချမ်းမြေ့ဖွယ်ပါ။ ကျေးလက်တောရွာအများစုမှာ မလေးသွားမလား၊ ထိုင်းသွားမလားနဲ့သာ  အပြိုင်အဆိုင်လုပ်နေကြလေရဲ့လို့     မိတ်ဆွေတစ်ဦးက   ဆိုတယ်။       စားဝတ်နေရေးခက်ခဲမှုက   အများစုကို   တွန်းပို့နေတဲ့ အချက်ဖြစ်နေတာမို့ ထွက်ခွာသူတွေ အမြဲရှိနေတယ်လို့ ထင်ပါတယ်ခင်ဗျာ။

အခြေခံပညာရေးကဏ္ဍမှာကြည့်ရင်လည်း ကျောင်းသားလူငယ်တော်တော်များများဟာ  ကျောင်းပြင်ကိုရောက်သွားနေတယ်လို့  ခန့်မှန်းကြောင်းသိရပါတယ်။ လူငယ်အများစုဟာ ပြည်တွင်းမှာ အလုပ်အကိုင်အဆင်မပြေတာကြောင့် အနီးအနားက တိုင်းပြည်တွေမှာ ရရာအလုပ်တွေကိုသာ ဝင်လုပ်နေကြတာ များလာပါတယ်။ လူသားအရင်းအမြစ်တွေ ပြုန်းတီးမှုကလည်း နိုင်ငံတော်အတွက် အနုတ်လက္ခဏာတွေဖြစ်ခဲ့တာလို့လည်း  ထင်မိပါတယ်။ ပညာတကယ်တော်တဲ့ လူငယ်လေးတွေကတော့    အဆင့်မြင့်ပညာတွေကိုနိုင်ငံခြားမှာ ဆက်လက်သင်ကြားကြ၊ အဲဒီမှာပဲအခြေချ ကြလေ့ရှိနေတာမို့  အမိနိုင်ငံအတွက် ဆုံးရှုံးမှုကြုံရပြန်ပါတယ်။ ထူးချွန်တဲ့ လူငယ်လေးတွေဟာ ကိုယ့်နိုင်ငံမှာ အခြေခံပညာတွေသင်ကြားခဲ့ကြပေမယ့် အဆင့်မြင့်ပညာတွေ    တတ်မြောက်ပြီးချိန်မှာတော့ Push Factor နဲ့ Pull Factor တွေကြောင့် တစ်ပါးသော နိုင်ငံကြီးတွေကို    အကျိုးပြုသူတွေဖြစ်လာကြပါတယ်။ တကယ်တော့ ကိုယ့်နိုင်ငံကို  ကိုယ့်နိုင်ငံသားတွေကမှမထူထောင်ရင်   ဘယ်သူက လာထူထောင်ပေးနိုင်မှာတဲ့လဲခင်ဗျာ။ အမိနိုင်ငံကြီးအတွက် အမိနိုင်ငံသားကောင်းများကသာ  အမှန်တကယ်  စောင့်ရှောက်ထိန်းသိမ်းသူတွေဖြစ်သင့်ပါတယ်။ အခုချိန်မှာ  နိုင်ငံသားများညီညွတ်ကြဖို့၊ လက်တွဲကြဖို့   လိုပါတယ်။  နိုင်ငံသားများ  နိုင်ငံက  ထွက်ခွာနေမှုဟာ အဖြေမှန်တစ်ခုမဟုတ်ပါ။  နိုင်ငံအတွက်   အကျိုးမဲ့မှုဆီ  ဦးတည်နေတာကြောင့်စုပေါင်းလက်တွဲ  အဖြေရှာသင့်ကြကြောင်းပါခင်ဗျာ။

 

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)