စုပေါင်းနွှဲပျော် တပို့တွဲလ ထမနဲပွဲတော်

 

လွန်းပိုးအိမ်

 

တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည်။ ညဉ့်အချိန်တွင် နှင်းမှုန်ဖြူလွလွ ကလေးများက ဇာပဝါလိုခြုံလွှမ်းထားပြီး လွန်စွာချမ်းအေးလှသဖြင့် “နှာရည်ယိုရွှဲ တပို့တွဲ” ဟုခေါ်ဆိုကြသည့်အတိုင်း အပူနှင့်အအေး  လွန်ဆွဲနေသည့်ကာလလည်းဖြစ်ပါသည်။  တပို့တွဲလသည်  ဆောင်းအကုန်  နွေအကူးလ ဖြစ်သည် တပို့တွဲလတွင် ပေါက်ပန်း၊  လဲပန်းများနှင့် ဆူးပန်းများ ပွင့်လေ့ရှိကြပြီး  ရဲရဲနီသော ပေါက်ပွင့်တို့က တပို့တွဲလ၏  ထင်ရှားသည့်  အလှတစ်ပါးပင် ဖြစ်သည်။ ဆောင်းရာသီ၏ ငွေရောင်အခင်းအကျင်းအောက်တွင် နီရဲနေသော ပေါက်ပန်းများကို ကြည့်ရသည်မှာ ပန်းချီကားတစ်ချပ်လိုပင် ဖြစ်နေသည်။

မြန်မာတို့၏         တစ်ဆယ့်နှစ်လရာသီတွင် လတိုင်းလတိုင်းသည်  အနက်အဓိပ္ပာယ်နှင့် မြန်မာ့ အလှသဘာဝကို   ဖော်ဆောင်ရင်းဘာသာရေးကို အခြေခံသောပွဲတော်များကို  လအလိုက် ဆင်ယင် ကျင်းပခဲ့ကြပေသည်။ တပို့တွဲလသည် ဆောင်းဥတု၏ နောက်ပိုင်းအချိန်ဖြစ်သည်။ တပို့တွဲလဟု ခေါ်ဝေါ်ခြင်းသည် ထန်းဖူး၊  ထန်းခိုင်တို့ တွဲညွတ်နေသည်ကို အကြောင်းပြု၍ ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်းသိရသည်။ ကျောက်စာများတွင် တပိုဒ်တွယ်၊ တပိုတွဲ၊ တပိုင်တွဲ ဟူ၍အမျိုးမျိုး ရေးသားခဲ့ကြပြီး တစ်နည်းအားဖြင့် တပို့တွဲလကို လယ်ယာကိစ္စများပြီးဆုံးပြီဖြစ်၍ ကျွဲ၊ နွားကသော ထမ်းပိုးထမ်းတုံးများကို သိမ်းထားဆွဲထားသောလ ဖြစ်သောကြောင့် “ထန်းပို့တွဲလ” မှ မျက်မှောက်ခေတ်တွင် “တပို့တွဲ” ဟူ၍သာ ခေါ်ဝေါ်ခဲ့ကြသည်။ ဗေဒင်အခေါ်အဝေါ်အားဖြင့် ကုံရာသီဖြစ်သည်။ ရာသီရုပ်သည် ရေထမ်းသမားဆင်းရဲသားပုံ ဖြစ်သည်။

ရာသီပန်းသည် ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့ဖြစ်သည်။ ညအချိန်သည် နေ့အချိန်ထက်ပို၍ ရှည်လျားသည်။ နေ့တာတိုသောလဖြစ်၍ ထိုရာသီတွင် အအေးလွန်ကဲ၍ နှာရည်များပင်ကျသည့်အတွက် ရှေးစာဆိုတော်ကြီးများက “နှာရည်ယိုရွှဲ တပို့တွဲ”၊ “တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ” ဟု လည်းကောင်း တင်စားရေးသားခဲ့ကြပေသည်။

 

ခိုက်ခိုက်တုန်အောင် ချမ်းအေးသောလ

 

ခိုက်ခိုက်တုန်အောင် ချမ်းအေးသောလဖြစ်သဖြင့် မြတ်စွာဘုရားရှင်သည် မီးအိုးကင်းတွင် ရွှေလက်တော်တကော မီးလှုံတော်မူခဲ့သည်ကို “သယမ္ဘူသော်မှ မီးမယ်ဖျူး၊ ရွှေလက်ကင်သည် ရေစက်သွင် အေးတဲ့လ” ဟု ဦးကြေးက ရေးဖွဲ့ခဲ့သည်။ ရှေးမြန်မာမင်းများနှင့် ရဟန်းရှင်လူတို့သည် တပို့တွဲလတွင် မီးအလှူ (ဝါ) မီးကုသိုလ်ပြုပွဲ၊ မီးပုံပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ မီးပုံပွဲကို ပုဂံခေတ်ကပင် ရှိခဲ့သော ရာသီပွဲဟုယူဆကြသည်။ ဒေသတိုင်း၌ ကျင်းပလေ့မရှိကြသော်လည်း တချို့ဒေသများတွင် အစဉ်အလာမပျက် ကျင်းပနေကြသည်ကို သိရှိရပါသည်။ သို့အတွက် လူနည်းစုသာ သိရှိသော ရာသီပွဲဖြစ်ပါသည်။

အထက်အညာဒေသတွင် များသောအားဖြင့် ပြုလုပ်လေ့ရှိကြသည်။ နံနက်အာရုံမတက်ခင် ကတည်းက ဘုရားတွင် သနပ်ခါးမီး၊ နံ့သာမီးများဖြင့် ပူဇော်မှုပြုလုပ်ကြသည်။ မီးမပူဇော်မီ သစ်သီး၊ မုန့် စသည့် လှူဖွယ်များကိုလည်း ဆက်ကပ်လှူဒါန်းကြပါသည်။ စာရေးသူတို့ဒေသတွင် တပို့တွဲ လဆန်းလာလျှင် တောထဲသို့သွား၍ သနပ်ခါး ထင်းများခုတ်ကာ နေပူလှန်းထားကြသည်။ တပို့တွဲလပြည့်ရောက်သောအခါ ခြောက်နေပြီဖြစ်သော နံ့သာထင်းများကို ဘုရားရှေ့တွင် စနစ်တကျစုပုံကာ မီးပူဇော်ကြသည်။ ဘုရားစေတီရှေ့တွင်သာမက သံဃာတော်များ၊ သက်ကြီးရွယ်အိုများအား နံ့သာထင်းဟုခေါ်သော သနပ်ခါးထင်းဖြင့် မီးအိုးကင်းလှူကြသည်။

မီးကုသိုလ်ပြုပွဲနှင့် ပတ်သက်၍ မြင်းခွာရွာစား ၏ ရတုတွင် “ပေါက်လဲပွင့်လှိုင်၊ လနှင့်ပြိုင်က၊ ဘုန်းခိုင်မြတ်ဖျား၊ ကိုယ်တော်စားဟု၊ သုံးပါးရတနာ၊ မြတ်ရာရာဝယ်၊ သဒ္ဓါကြည်လင်၊ ပျော်မြူးရွှင်လျှက်၊ သဘင်မီးပုံး၊ တပြုံးပြုံးသည်၊ ပြည်လုံးညွတ်တော့ မည်ဘုရား” ဟု ဖွဲ့ဆိုထားပေသည်။ ယခုအခါ နံ့သာထင်းများ ရှားပါးလာသည့်အတွက် မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) ပြုလုပ်သည့် အလေ့အထမှာ တစ်စတစ်စ ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး မီးဖုန်းပွဲအစား ထမနဲ (ထမင်းနှဲ) ပွဲကိုသာ ကျင်းပခဲ့ကြသည်။

မျက်မှောက်ခေတ်တွင် ထင်ရှားသော ရာသီပွဲမှာ ထမနဲပွဲသာ ဖြစ်ပေသည်။ မြန်မာ့ရိုးရာ ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ကော်များ၊ ပတ်စာများ လုပ်သကဲ့သို့ ထပ်ပြန်တလဲလဲမွှေ၍ နယ်ရသောကြောင့် ထမနဲဟုခေါ်ဆိုသည်။ ထမနဲကို အရပ်ဒေသလိုက်၍ ယာဂုဟုလည်းခေါ်သည်။ မြန်မာလို ဆန်ပြုတ်ဟု အဓိပ္ပာယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ချင်း၊ နှမ်းဆီနှင့် နှမ်း နိုင်နိုင်ထည့်ရ သောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။

မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်တောရွာများအထိ ထမနဲပွဲများ ကျင်းပကြသည်။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ထမနဲပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အစောဆုံးတွေ့ရသော ထမနဲပွဲမှာ ညောင်ရမ်းခေတ် နှောင်းပိုင်း  (ဒုတိယအင်းဝခေတ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စာဆိုတော်များက “တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲ ပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ” ဟု စပ်ဆိုခဲ့ကြသည်။

ထိုလတွင် ထမနဲထိုးရခြင်း၏ ရည်ရွယ်ချက်မှာ ကောက်ညှင်းဆန်ဖြင့် ထိုးရသောကြောင့် ကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှုရှိပြီး၊ အားထည့်၍ ထိုးရသောကြောင့် ချွေးများဖြင့် ပူလောင်လာပြီး အေးချမ်းမှုများ ပပျောက်ကာ ထိုလ၏ ရာသီဥတုနှင့် ကိုက်ညီသောကြောင့် ဖြစ်ပေ သည်။ ထိုလမှာပင် အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာ များပါမကျန် ထမနဲထိုးပြိုင်ပွဲများကို တူညီဝတ်စုံများဖြင့် နေရာဒေသအသီးသီးတွင် ကျင်းပကြပေ သည်။ အကဲဖြတ်ဒိုင်လူကြီးမင်းများကလည်း အရသာတစ်ခုတည်းဖြင့် အကဲဖြတ်ခြင်းမဟုတ်ဘဲ အသင်းအဖွဲ့၏ စည်းလုံးခြင်း၊ စိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးထား၍ စည်းလုံးညီညွတ်မှုကို ထင်ဟပ်စေသော၊ ပေါ်လွင်စေသော မုန့်မျိုးဖြစ်ပေသည်။ အရသာမှာလည်း အဆိမ့်အရသာရှိသောကြောင့် စားလို့အလွန်ကောင်းသော မြန်မာ့ရိုးရာ မုန့်ဖြစ်ပေသည်။

 

စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတ

 

မြန်မာ့ရိုးရာ ထမနဲပွဲသည် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတဖြစ်သလို ထိုးသောထမနဲပွဲ၏ အရသာ ကောင်းခြင်းသည်လည်း စည်းလုံးညီညွတ် ခြင်း၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်သည်ဟု ရှေးလူကြီးများ ဆိုစကားရှိခဲ့ကြသည်။ တပို့တွဲလတွင် မြန်မာ့ရိုးရာထမနဲကို မွန်မွန်မြတ်မြတ် စုပေါင်းပြုလုပ်ပြီး သံဃာတော်များအား ဆက်ကပ်လှူဒါန်းခြင်း၊ စတုဒိသာကုသိုလ်အဖြစ် ကျွေးမွေး ခြင်းတို့မှာ ရှေးမြန်မာလက်ထက်မှသည် ယနေ့ခေတ်အထိ အစဉ်အဆက်ပြုလုပ်လာခဲ့သည့် ကြည်နူးဖွယ်ဓလေ့ တစ်ခုဖြစ်သည်။

တပို့တွဲလရောက်လျှင် မိသားစုအလိုက်၊ ရပ်ကွက်၊ ကျေးရွာအလိုက် စုပေါင်းထမနဲထိုးပွဲများ ပြုလုပ် လေ့ရှိကြသည်။ တပို့တွဲလသည် အဆီခန်းခြောက် ချိန်ဖြစ်သည့်အတွက် ထိုလတွင် ဆီနိုင်သော အပူစာ ထမနဲကို သုံးဆောင်လျှင် အသားအရေစိုပြည်၍ အပူဓာတ်ရလာနိုင်သည်ဟု ရာသီကိုက် ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများတွင် ရေးသားထားပါသည်။

ထမနဲထိုးရာတွင် အားကောင်းမောင်းသန် ယောက်ျားများ ချွေးပြိုက်ပြိုက်ကျအောင် စည်းလုံးညီညွတ် ပျော်ရွှင်စွာ ထိုးကြရသဖြင့် အချင်းချင်း စည်းလုံးချစ်ခင်မှုနှင့်အတူ အေးမြသောရာသီကို အန်တုယှဉ်ပြိုင်ကာ ထိုးကြရသဖြင့် ကျန်းမာရေးအတွက်လည်း ကောင်းမွန်လှပေသည်။

တပို့တွဲလသည် တိုင်းရင်းသားတို့အတွက်လည်း ထူးခြားသည့်လတစ်လပင်ဖြစ်သည်။ ရခိုင် တိုင်းရင်းသားတို့၏ ပေါင်းစည်းခြင်းစွမ်းရည်ကို ဖော်ညွှန်းသော ရခိုင်ရိုးရာ ရထားဆွဲပွဲကို တပို့တွဲလ တွင် ကျင်းပလေ့ရှိသည်။ တတိယဓညဝတီခေတ်တွင် နန်းတက်ခဲ့သော စန္ဒာသူရိယမင်းကြီးလက်ထက် ဘီစီ (၆) ရာစုတွင် ရခိုင်ရိုးရာ ရထားဆွဲပွဲစတင်ခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားတို့၏ ဇာတာနှင့် နေလ၊ နက္ခတ်တာရာများကို ယှဉ်ပြိုင်ကျင်းပခြင်းဖြစ်ကြောင်း၊ ရထားဆွဲပွဲကျင်းပခြင်းအားဖြင့် တိုင်းပြည်အေးချမ်းသာယာခြင်း၊ ဆန်ရေစပါး ပေါများခြင်း၊ မင်းနှင့်ပြည်သူကြည်ဖြူကာ အစစအရာရာ အောင်မြင်ခြင်းတို့ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။

 

ရာသီတပို့တွဲ ရောက်ရှိလာပြီ

 

ယခုအခါ ရာသီတပို့တွဲရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ရိုးရာထမနဲနှင့် ပတ်သက်၍ လှုပ်ရှားမှုများကိုလည်း နှစ်သက်ဖွယ်တွေ့မြင်နေရပါသည်။ အလှူရှင် တစ်ဦးချင်းက မတည်ထမနဲထိုးကြသလို အသင်းအဖွဲ့များဖြင့်လည်း စုပေါင်းပြုလုပ်ကြသည်။ လပြည့်ရက်မတိုင်မီ လဆန်းရက်များကပင် ထမနဲထိုးကြ၊ လှူဒါန်းကြဖြင့် ချစ်စဖွယ်မြန်မာဓလေ့မှာ ပေါ်လွင်လှသည်။

ဆိုရပါလျှင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ သည် မြန်မာ့ရိုးရာပွဲတော်များကို မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ ဆင်နွှဲနေကြသည်မှာ ကြည်နူးဖွယ်ရာကောင်းလှသလို မြန်မာ့သဘာဝ၊ မြန်မာ့အလှနှင့် တစ်ဆယ့်နှစ်လရာသီ မြန်မာ့ ပုံရိပ်ပန်းချီကားများက ဆေးခြယ်သလို့ မကုန်နိုင်ပေ။