မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအား တရားစွဲဆိုမှုသည် ရခိုင်ပြည်နယ်၌ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော ပြဿနာအပေါ် စွဲဆိုခဲ့သောအမှုကိစ္စဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူ့အသိုက်အဝန်းတစ်ခု၏ ပြဿနာသည် မတူကွဲပြားသော လူ့အသိုက်အဝန်းများအကြား နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော သိမ်မွေ့နက်နဲသည့် အစဉ်အဆက် ဖြစ်ခဲ့သော ပြဿနာဖြစ်သည်။ အဓိကမှာ ဆင်းရဲမွဲတေမှု၊ အသိအမြင်ဗဟုသုတနည်းပါးမှု၊ မတူ ကွဲပြားမှုများအကြား သွေးခွဲသပ်လျှို နှောင့်ယှက်မှု၊ ပြဋ္ဌာန်းထားသော ဥပဒေကို မလိုက်နာမှု၊ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော ပြည်နယ်ဖြစ်မှု၊ နယ်စပ်ဒေသဖြစ်၍ လုံခြုံရေး အားနည်းမှု စသည့် အကြောင်း အမျိုးမျိုးတို့ကြောင့် ပြဿနာများဖြစ်ရသည်ဟု ဆိုရမည်ဖြစ်သည်။
သမိုင်းကြောင်းတစ်လျှောက် ပြဿနာအမျိုးမျိုး မည်သို့ပင် ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတော်အစိုးရ အနေဖြင့် ၂၀၁၆-၂၀၁၇ ပြဿနာမဖြစ်ပွားမီနှင့် ပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်း ပြန်လည်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဥပဒေချိုးဖောက်သူများကို အရေးယူရေး၊ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်လုပ်ကိုင်ခဲ့သည်မှာ ယနေ့ ထက်တိုင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းရွက်ရသည်နှင့် တစ်ပြိုင်နက် ရခိုင်ပြည်နယ် အရေးကိစ္စများကို ရေတို၊ ရေရှည် နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စု စီမံကိန်းဖြစ်သည့် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအပြင် ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များအား အလားအလာရှိသည့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့် ချိတ်ဆက်၍ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အကောင်အထည် ဖော်ခဲ့ရာ ခန့်မှန်းပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၄၉ ဘီလီယံခန့် စိတ်ဝင်စားမှုအဆိုပြုလွှာ ၃၀ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
မြစ်၊ ချောင်းများပေါများသော ရခိုင်ပြည်နယ်တွင် ကူးသန်းသွားလာမှု အဆင်ပြေရေးအတွက် ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် ဒါးလက်ချောင်း တံတား၊ မြေပုံ-မင်းပြား လမ်းပေါ်တွင် ကြပ်စင်တံတား တို့အား ယခုနှစ်တွင် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အပြင် ရာမောင်း ကြိုးတံတားကြီးအား အဆင့်မြှင့်တင်ပြီး ဧရာဝတီနှင့်ရခိုင်ပြည်နယ် ဆက်သွယ်ပေးမည့် ဂွချောင်းတံတားကို တည်ဆောက်ပေးလျက်ရှိသည်။ ဒေသနေပြည်သူများ လူမှုဘဝမြင့်မား တိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်ဓာတ်အား ရရှိရေးကို ယမန်နှစ် ဒီဇင်ဘာလတွင် မောင်တောနယ်သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၆ မြို့နယ်မှ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီဖြစ်သည်။ နိုင်ငံတော်ဓာတ်အားစနစ် ဖြန့်ဖြူးနိုင်ခြင်းမရှိသော မာန်အောင်မြို့နယ်၌ ဆိုလာ၊ ဒီဇယ်၊ စွမ်းအင်သိုလှောင်မှုဓာတ်အားပေး စက်ရုံစနစ် တည်ဆောက် ပေးလျက်ရှိရာ မကြာမီတွင် လျှပ်စစ်ဓာတ်အား ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါများကြွယ်ဝသော ပြည်နယ်ဖြစ်သည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓဘာသာ အမွေအနှစ် သာသနာရောင်ဝါ ထွန်းလင်းတောက်ပခဲ့သော ရခိုင်ပြည်နယ်တွင် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှု အမွေအနှစ် များနှင့် တည်ရှိဖြစ်ထွန်းနေသော ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ နိုင်အောင် ဒေသတည်ငြိမ်အေးချမ်းရေးသည် အရေးပါသည့် အချက်ဖြစ်သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပြဿနာများ မည်သို့ပင် ရှိခဲ့သည်ဖြစ်စေ နှစ်ပေါင်းများစွာ တည်ငြိမ်အေးချမ်းခဲ့သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိရန်နှင့် အနာဂတ်တွင် သာယာလှပ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်လာစေရန်အတွက် အေးချမ်းတည်ငြိမ်ရေးကို ရှေးရှုသည့် စုပေါင်းညီညွတ်သော စွမ်းအားများဖြင့် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ