သိန်းထွန်း (IR)

 

လူသားတစ်ယောက်၏   လိုအပ်ချက်များတွင် စား၊ ဝတ်၊  နေရေးမှာ  အခြေခံလိုအပ်ချက်သုံးမျိုး ဖြစ်ပါသည်။  ယင်းအခြေခံလိုအပ်ချက်သုံးမျိုးတွင် စားသောက်ရေးမှာ မရှိမဖြစ်အရေးကြီးဆုံး ဖြစ်သည်။

 

ယနေ့ကမ္ဘာကြီးတွင် လူသားတို့အတွက် စားနပ် ရိက္ခာဖူလုံရေးမှာ   စိန်ခေါ်မှုတစ်ခုဖြစ်လာနေပြီး ထိထိရောက်ရောက်ဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်နေပါသည်။   သို့ဖြစ်သည့်အတွက်   စားနပ်ရိက္ခာ ဖူလုံရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း နိုးကြားလာစေရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) က နှစ်စဉ် အောက်တိုဘာလ ၁၆ ရက် နေ့ကို   ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ်    သတ်မှတ်၍  ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိသည်။

 

စားနပ်ရိက္ခာဖူလုံရေး၏အဓိပ္ပာယ်ကို ၁၉၉၆ ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ ထိပ်သီး ဆွေးနွေးပွဲတွင်  ဖွင့်ဆိုခဲ့သည်မှာ  လူသားအားလုံးသည်    အချိန်တိုင်းတွင်   လန်းဆန်းတက်ကြွ၍ ကျန်းမာသောဘဝအတွက်  ၎င်းတို့၏အစားအသောက် လိုအပ်ချက်များနှင့် နှစ်သက်ရာအစား အစာများရရှိစေသည့်  လုံလောက်သော    ရုပ်ပိုင်းဆိုင်ရာနှင့်  စီးပွားရေးဆိုင်ရာအခွင့် အလမ်းရှိခြင်း၊ ဘေးကင်းခြင်းနှင့် အာဟာရပြည့်ဝသောအစားအစာ များရှိနေခြင်းဟုဆိုပါသည်။ စားနပ်ရိက္ခာဖူလုံရေး တွင် အောက်ပါအခြေခံရှုထောင့်များ ပါဝင်ပါသည်- 

(က)     စားနပ်ရိက္ခာရရှိနိုင်မှု (Food availability)

(ခ)       စားနပ်ရိက္ခာဝယ်ယူနိုင်မှု (Food access)

(ဂ)       ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးနိုင်ခြင်း (Utilization)

(ဃ)     လိုအပ်သောအချိန်တွင် လိုအပ်သောအစား အစာများအား စားသုံးရန် စဉ်ဆက်မပြတ် ရှိခြင်း (Stability)

 

အဆိုပါ  စားနပ်ရိက္ခာဖူလုံရေးသည်   လူသားအားလုံးအတွက် အရေးကြီးလမ်းဆုံလမ်းခွသို့ ရောက်ရှိနေကြောင်း FAO က သတိပေးလျက်ရှိပါသည်။   တစ်နည်းအားဖြင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက်   ဘက်ပေါင်းစုံမှ   စိန်ခေါ်မှုများစွာနှင့်    ရင်ဆိုင်နေရသည့်ကာလဖြစ်ပါသည်။ ၂၀၂၁  ခုနှစ်အတွင်း စားနပ်ရိက္ခာအကျပ် အတည်းဖြစ်နေသည့်  နိုင်ငံ/နယ်မြေရှိ လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း နီးပါးသည် အကျပ်အတည်း သို့မဟုတ်  ဆိုးရွားသော သို့မဟုတ်    အလားတူအခြေအနေတွင်တွေ့ရကြောင်း၊ အချို့နိုင်ငံများတွင် ပဋိပက္ခ/မလုံခြုံမှုသည် စားနပ်ရိက္ခာ မလုံခြုံမှုအတွက် အဓိကအကြောင်းရင်း ဖြစ်သည်ကိုတွေ့ရကြောင်း   Global    Network against Food Crisis ၏ Global Report on Food Crisis ၂၀၂၂ အစီရင်ခံစာက ဆိုထားပါသည်။

 

ပိုမိုခက်ခဲလာသောအခြေအနေ

ကမ္ဘာ့လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် သန်းပေါင်း ရှစ်ထောင်ခန့်ရှိပြီး လူဦးရေမှာ ဆက်လက် တိုးပွားလျက်ရှိရာ ၂၀၅၀ တွင် ၁၀ ဘီလီယံနီးပါးရှိလာမည်ဟု ခန့်မှန်းထားပါသည်။  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏စာရင်းများအရ    ကမ္ဘာပေါ်ရှိ  လူဦးရေ    သန်း နှစ်ထောင်ကျော်မှာ  ဘေးကင်း၍  အာဟာရပြည့်ဝ သောအစားအစာ လုံလောက်စွာပုံမှန်မရရှိကြောင်း ထုတ်ပြန်ထား ပါသည်။ ၂၀၂၂ ခုနှစ်သည် မကြုံစဖူး ငတ်မွတ်မှုနှင့်ကြုံတွေ့ရသည့်နှစ်ဟု ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကြီးက ဆိုပါသည်။  စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည့် အရေအတွက် သည် ၂၀၁၉ ခုနှစ်မှစ၍ လူဦးရေ ၁၃၅ သန်းမှ ၃၄၅ သန်း အထိ တိုးလာပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် လူဦးရေ သန်း ၅၀ သည် အငတ်ဘေးနှင့်    ရင်ဆိုင်နေရကြောင်း ပြောကြားထားသည်။

ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသူ ၈၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အများစုသည်  စိုက်ပျိုးရေးနှင့်  သဘာဝအရင်းအမြစ် များကို မှီခိုနေကြရသည်။ ၎င်းတို့သည် အများအား ဖြင့် သဘာဝနှင့် လူဖန်တီးသောဘေးအန္တရာယ်များ ကြောင့် ထိခိုက်မှုအပြင်းထန်ဆုံးခံစားနေကြရသူများဖြစ်ကြသည်။ သို့ဖြစ်ရာ မိမိတို့၏ စားနပ်ရိက္ခာ စနစ်များမပြောင်းလဲပါက  ၂၀၅၀   ပြည့်နှစ်တွင်  အာဟာရချို့တဲ့မှုနှင့် မညီမျှမှုများ များစွာ မြင့်တက် လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ   အကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင်   အားလုံးပါဝင်သော ဖြေရှင်းချက်များ ယခင်ကထက်   ပိုမိုလိုအပ်နေကြောင်း တိုက်တွန်းထားပါသည်။

 

ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားရခြင်း

လူသားတို့၏ လိုအပ်ချက်များ ပိုမိုမြင့်မားနေချိန် တွင် အရင်းအမြစ်များမှာ ကျဆင်းလျက်ရှိကြောင်း ဆိုပါသည်။ ထို့အပြင် စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်စေသည့်  အကြောင်းရင်းများသည်လည်း   ပိုမို ပြင်းထန်ကျယ်ပြန့်လျက်ရှိနေပါသည်။ WFP အဆိုအရ  ကမ္ဘာတစ်ဝန်း အငတ်ဘေးဖြစ်ပွား စေသည့် အကြောင်းရင်းလေးချက်မှာ -

 

(က)     ပဋိပက္ခများ။   ပဋိပက္ခများသည် ငတ်မွတ်ခေါင်းပါးမှုအတွက်  အကြီးမားဆုံးအရင်းခံ အကြောင်းတရားတစ်ခုဖြစ်နေပြီး      ကမ္ဘာ့ငတ်မွတ်ခေါင်းပါးသူ  ၆၀  ရာခိုင်နှုန်းသည် စစ်ပွဲနှင့်     အကြမ်းဖက်မှုဒဏ်ခံနေရသော ဒေသများတွင်    နေထိုင်နေသူများဖြစ်ကြသည်။

(ခ)       ရာသီဥတုပြောင်းလဲမှု။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့်   အသက်ဆုံးရှုံးမှုများ၊ ကောက်ပဲသီးနှံများနှင့်  အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို  ထိခိုက်စေပြီး လူသားတို့၏      လုပ်ကိုင်စားသောက်နိုင်မှုစွမ်းရည်ကို လျော့ကျစေလျက်ရှိပါသည်။

 

(ဂ)       ကိုဗစ်ကပ်ရောဂါ၏အကျိုးဆက်များ။ ကိုဗစ်-၁၉  ကပ်ရောဂါကြောင့်   ဖြစ်ပေါ်လာသော စီးပွားရေးအကျိုးဆက်များသည် မမျှော်လင့်သော အငတ်ဘေးအဆင့်အထိ ဖြစ်ပေါ်စေလျက် ရှိသည်။

 

(ဃ)     ကုန်ဈေးနှုန်းမြင့်တက်မှု။ အစားအသောက်များသည် ယခင်ကထက်ပို၍   ဈေးနှုန်းများ မြင့်တက်လာနေပါသည်။ အစားအသောက် ကုန်ဈေးနှုန်းများသည် ၁၀ နှစ်အတွင်း အမြင့်ဆုံး ဖြစ်လျက်ရှိသည်။  ကမ္ဘာ့တောင်ခြမ်းရှိ  ဆင်းရဲနွမ်းပါးသောနိုင်ငံများစွာတွင် အစားအသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ငတ်မွတ်ခေါင်းပါးမှု၊ အငတ်ဘေး သို့မဟုတ် လူမှုရေး မငြိမ်သက်မှုများကို ဖြစ်စေလျက်ရှိသည်။ ထို့အပြင် လူသန်းပေါင်း များစွာအတွက်   စားနပ်ရိက္ခာ ဖူလုံရေးမှာ စိုးရိမ်ဖွယ်အခြေအနေ ရောက်ရှိနေပါသည်။

 

အထက်ပါအချက်များအပြင် နိုင်ငံနှင့် ဒေသ အလိုက်    မတူညီသောအကြောင်းရင်းများလည်း ရှိနေပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာများ၊ ဆင်းရဲမွဲတေမှု စသည်တို့အပြင် မူဝါဒဆိုင်ရာ များ၊ စီမံခန့်ခွဲမှုဆိုင်ရာလည်း  ပါဝင်နေသည်ကို  တွေ့ရပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှုကို ထိခိုက်စေသည့် အရင်းခံအကြောင်းတရားများသည် ပြီးခဲ့သည့် ၁၀  နှစ်အတွင်း ဖြစ်ပွား မှု အကြိမ်ရေနှင့် ပြင်းထန်မှုများ တိုးလာနေကြောင်း WHO ၏ The State of Food Security and Nutritution in the World Report 2021 တွင် ဖော်ပြထားပါသည်။

 

အားလုံးအတွက်စိန်ခေါ်မှု

ကမ္ဘာ့နေရာအနှံ့အပြားတွင် မြင့်တက်လာသော အခက်အခဲအကျပ်အတည်းများနှင့်အတူ  စားနပ် ရိက္ခာဖူလုံရေးမှာ        အားလုံးအတွက်စိန်ခေါ်မှု ဖြစ်လျက်ရှိသည်။       စားနပ်ရိက္ခာမလုံခြုံမှုနှင့် အာဟာရချို့တဲ့မှု  စိုးရိမ်ဖွယ်မြင့်မားလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာအစား အစာစနစ် များ (Global and Local Food Systems) ပျက်စီး လာသည့်အဓိပ္ပာယ်ဖြစ်ပါသည်။

 

ထို့အပြင် ယူကရိန်းတွင် လတ်တလောဖြစ်ပွား နေသောစစ်ကြောင့် စားနပ်ရိက္ခာဖူလုံမှုကို တိုက်ရိုက်ထိခိုက်စေရုံမက ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာမလုံလောက်မှုနှင့်   ရင်ဆိုင်နေကြရသော လူသန်းပေါင်းများစွာ   ရင်ဆိုင်နေရဆဲအခက်အခဲများကို ပိုမိုဆိုးရွားလာစေပါသည်။

အချို့သောဒေသများနှင့် လူထုအပေါ်သို့ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ ထိခိုက်နိုင်ခြေများရှိနေကြသော် လည်း လက်တွေ့တွင်မူ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူဦးရေအပြန်အလှန်ဆက်နွှယ်မှု   ပိုမိုနီးစပ လာသည့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ထိုထိခိုက် နိုင်မှုများသည်         ကမ္ဘာ့လူသားအားလုံး အပေါ်သို့ သက်ရောက်လာနိုင်ပါသည်။  အကယ်၍   တစ်ဦးတစ်ယောက်        နောက်ကျကျန်ခဲ့မည် ဆိုပါက ဆက်နွှယ်နေသည့်ကွင်းဆက်တစ်ခု ပြတ်တောက်သွားမည်ဖြစ်ပြီး ထိုကွင်းဆက် ပြတ်တောက်သွားမှု ၏ အကျိုးဆက်ကို နောက်ကျကျန်ခဲ့သူတစ်ဦးတည်း သာခံစားရမည်မဟုတ်ဘဲ နယ်မြေကန့်သတ်မှုမရှိ သောစိန်ခေါ်မှုများ၏   ဆင့်ကဲအကျိုးသက်ရောက်မှု များ (domino effects) ကို လူသားအားလုံး ခံစား ကြရမည်ဖြစ်ပါသည်။

 

ထို့အပြင် အငတ်ဘေးဖြစ်စေသည့် အကြောင်းရင်းအချို့သည်  သက်ဆိုင်ရာနိုင်ငံ/   ဒေသတစ်ခု တည်းနှင့်   သက်ဆိုင်နေသည်မဟုတ်ဘဲ ကမ္ဘာလုံး ဆိုင်ရာပြဿနာများအဖြစ် တွေ့ရသည်။ ဥပမာအားဖြင့် နိုင်ငံတကာတင်းမာမှုများ၊ ပဋိပက္ခများ၊ စီးပွားရေးအကျပ်အတည်းများ၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊    ကိုဗစ်ကပ်ရောဂါတို့သည် နိုင်ငံအားလုံး အပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်နေပါသည်။  

 

 

ထိုသို့သောအခြေအနေများသည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်သော  ရည်မှန်းချက်များတွင် ပါဝင်သော   ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်၍ လူသားအားလုံး အထူးသဖြင့် ဆင်းရဲ နွမ်းပါးသူများနှင့်  မွေးကင်းစကလေးငယ်များ အပါအဝင် ထိခိုက်လွယ်သော အခြေအနေရှိသူများ သည် ဘေးကင်း၍ အာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာများ      တစ်နှစ်ပတ်လုံးရရှိနိုင်စေရန် ဆိုသည့်ရည်မှန်းချက်ကို      ထိခိုက်စေလျက်ရှိပါသည်။    

           

စုပေါင်းဖြေရှင်းမှုဖြင့်

၂၀၂၂ ခုနှစ်သည် ဖြစ်ပွားနေဆဲ ကိုဗစ်ကပ်ရောဂါ၊ ပဋိပက္ခများ၊  ရာသီဥတုပြောင်းလဲမှု၊   စီးပွားရေး ကျဆင်းမှု၊ မညီမျှမှု၊ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်းများ မြင့်တက်နေမှုနှင့် နိုင်ငံတကာတင်းမာမှုများကြောင့် ကမ္ဘာ့လုံးဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရချိန် တွင် လူသားအားလုံးနှင့်သက်ဆိုင်သောဖြေရှင်းမှုများ ယခင်ကထက် ပိုမိုလိုအပ်လာနေပြီ ဖြစ်သည်။ ပိုမိုကောင်းမွန်သောထုတ်လုပ်မှု၊ ပိုမိုကောင်းမွန်သည့်အာဟာရ၊  ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ များရရှိရန်ရည်ရွယ်၍   စိုက်ပျိုးရေး အခြေခံအစား အသောက်စနစ်များသို့  ပြောင်းလဲကြရမည် ဖြစ်သည်။ ယင်းသို့ ရေရှည်တည်တံ့၍ အလုံးစုံခြုံငုံသည့် ဖြေရှင်းမှုများကို အကောင်အထည်ဖော်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ် ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

လက်ရှိဖြစ်ပွားနေသော အခြေအနေများသည် ကြိုတင်ကာကွယ်ရေး၊  ကြိုတင်မျှော်မှန်းချက်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ လူဦးရေတိုးပွားလာမှုနှင့် အစားအစာ စနစ်များ (food systems) ပျက်စီးလာမှုအပါအဝင် စားနပ် ရိက္ခာဖူလုံရေးအကျပ် အတည်းများ၏ မူလဇာစ်မြစ်များကို စဉ်ဆက်မပြတ်ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းလုပ်ဆောင်မှုနည်းလမ်းများ       လိုအပ် နေကြောင်း   USAID   နှင့်    ကမ္ဘာ့ဘဏ်အပါအဝင် the Global Network တည်ထောင် သည့် အဖွဲ့ဝင်များဖြစ်သည့် European Union၊ FAO၊ WFP တို့၏ အစီရင်ခံစာတွင်    ဖော်ပြထား သည်ကို တွေ့ရပါသည်။

 

ယင်းအစီရင်ခံစာတွင် လတ်တလော  စားနပ်ရိက္ခာအကျပ်အတည်းများ လျော့ပါးရေးနှင့်  ကာလ ရှည်ကြာဆိုးကျိုးဖြစ်စေလျက်ရှိသည့် နည်းလမ်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖြေရှင်းမှု တစ်ရပ်အဖြစ် အသေးစားစိုက်ပျိုးရေးကဏ္ဍကို  ပိုမိုဦးစားပေးရန် လိုအပ်ကြောင်း တိုက်တွန်းထား ပါသည်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်  ငြိမ်းချမ်းရေး ထိန်းသိမ်းမှုများတွင် ပူးပေါင်း ဆောင်ရွက်သည့်ချဉ်းကပ်မှုပုံစံကို  အားပေးမြှင့်တင်ရမည်ဖြစ်ပါ သည်။  အလားတူပင် ပဋိပက္ခများကို မီးလောင်ရာလေပင့်စေသည့် လုပ်ဆောင်မှုများကို ရှောင်ရှားခြင်းသည် ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိမှုတည်ဆောက်ရေးကို အထောက် အကူ ဖြစ်စေသည်ဟုဆိုသည်။

 

လတ်တလော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှု   အကျပ်အတည်းသည် နိုင်ငံတကာနှင့်   ပြည်တွင်း၌    ဖြစ်ပွားနေသည့် ပဋိပက္ခများ၊       စစ်ပွဲများကြောင့်ဖြစ်သည်ကို ကိုယ်တွေ့ ကြုံနေကြရပါသည်။ ကမ္ဘာ့လူသားများ စားနပ်ရိက္ခာဖူလုံရေးအတွက် တိုက်တွန်းလှုံ့ဆော် နေကြသော်လည်း တစ်ဖက်တွင် စစ်ပွဲများ၊ ပဋိပက္ခ များကို  မလျှော့ချနိုင်သည့်အပြင်   ပိုမိုကျယ်ပြန့် လာခြင်းမှာ ကုလသမဂ္ဂ၏ ရည်မှန်းချက်များ၊ နိုင်ငံ အလိုက်၊ ဒေသအလိုက်ရည်မှန်းချက်များအတွက် အိတ်ပေါက်နှင့်ဖားကောက်သကဲ့သို့   အရာမထင် ဖြစ်နေသည့်အပြင် အချို့နေရာများတွင် ပိုမိုဆိုးရွား လာနေသည်ကို တွေ့ရသည်။

 

တိုးတက်မှုများကို မျှော်မှန်းလုပ်ဆောင်ရာတွင် အကျိုးဖြစ်စေသည်များကို       လုပ်ဆောင်ရမည် ဖြစ်သကဲ့သို့   အကျိုးပျက်စေသည့်    လုပ်ဆောင်မှု များကိုလည်း လျှော့ချရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စားနပ်ရိက္ခာဖူလုံရေးဆောင်ရွက်ရာတွင် အတားအဆီးဖြစ်စေသည့် အရင်းခံအကြောင်း တရားများ ကိုင်တွယ်ဖြေရှင်းရေးကို    ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ထည့်သွင်း ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။  ထိုသို့ဆောင်ရွက်ရာတွင် ရေရှည် ဖြေရှင်းကြရမည့်အကြောင်း အရာများ၊ လတ်တလော ဖြေရှင်းရမည့်အကြောင်းအရာများအလိုက် နိုင်ငံများအကြား     ဟန်ချက်ညီစုပေါင်းဖြေရှင်းမှသာ ၂၀၃၀  မျှော်မှန်းချက်ဖြစ်သည့်   ငတ်မွတ်မှုမရှိသော ကမ္ဘာကို မျှော်မှန်းနိုင်မည်ဖြစ်ပါသည်။           ။

 

ကိုးကား

၁။        The  State  of   Food  Security  and Nutrition in the World Report 2021၊ FAO

၂။        Global Report on Food Crises: acute food insecurity hits new highs၊ 2022၊ Global Network against food crisis

၃။        https://www.wfp.org/global-hunger-crisis