တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လျက်ရှိသည့် Sharing Economy နှင့် အနာဂတ်တွင် အရေးပါမှုဆိုင်ရာ ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           ဒီအစီအစဉ်မှာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ Sharing Economy ရဲ့ အကြောင်းတွေ၊ အနာဂတ်မှာ Sharing Economy ရဲ့ အရေးပါပုံတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ ဧရာဝတီဘဏ်ရဲ့ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ ဦးချစ်ထွန်းဖေနဲ့ Oway Group ရဲ့ ဥက္ကဋ္ဌ ဦးနေအောင် တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဆုံး မေးခွန်းအနေနဲ့ Sharing Economy ဆိုတာဘာလဲ၊ Sharing Economy ကို မြန်မာနိုင်ငံမှာ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာ ဦးချစ်ထွန်းဖေက ရှင်းပြပေးပါဦး။

 

ဦးချစ်ထွန်းဖေ။ ။           Sharing Economy ဆိုတာ တကယ်တမ်းက ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ကုန်ပစ္စည်း သို့မဟုတ် ဝေမျှအသုံးပြုနိုင်မယ့် အရင်းအမြစ်တွေကို သုံးစွဲနေတဲ့သူ အချင်းချင်း ကိုယ်တိုင်ပါဝင်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ မိမိကကုန်ပစ္စည်း သုံးစွဲသူအနေနဲ့ရော၊ ထုတ်လုပ်သူအနေနဲ့ရော၊ အကျိုးဆောင်သူအနေနဲ့ရော ပူးပေါင်းပြီး ပါဝင်နိုင်တဲ့ လူမှုအသိုက်အဝန်း အခြေပြုတဲ့ စီးပွားရေးပုံစံ တစ်ခုဖြစ်ပါတယ်။

 

သီအိုရီကို ရှင်းပြတာက နည်းနည်းခက်ပါတယ်။ ဒါကြောင့် ဥပမာတစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ မြန်မာနိုင်ငံက လယ်သမားကြီး ဦးသိန်းမောင် ဆိုကြပါစို့၊ သူမှာ လယ်ယာပိုင်ဆိုင်မှုတွေရှိတယ်။ သို့သော် ရာသီအလိုက် စိုက်ပျိုးထားတာတွေ ရိတ်သိမ်းဖို့အတွက် ရိတ်သိမ်းချွေလှေ့စက်တွေ ဝယ်ထားတယ်။ သူ့အနေနဲ့ ဝယ်ယူထားတဲ့ စက်တွေကို တစ်နှစ်မှာ နှစ်ကြိမ်စိုက်ပျိုးတဲ့ သီးနှံတွေအတွက် အသုံးပြုပါတယ်။ ကျန်တဲ့အချိန်မှာ စက်တွေကို ဒီအတိုင်းထားပါတယ်။

 

ဒီလိုအခြေအနေမျိုးမှာ လယ်သမားကိုဖိုးထောင်က လယ်သမားကြီး ဦးသိန်းမောင်မှာ စက်တွေ ရှိတာကိုသိတယ်။ ကိုဖိုးထောင်အနေနဲ့ လယ်ယာမြေတွေရှိတယ်။ သူ့ရဲ့လယ်ယာမြေမှာ စိုက်ပျိုးတဲ့ အခါအသုံးပြုဖို့အတွက် စက်တွေကို မဝယ်ယူဘဲ၊ ၎င်းအစား လယ်သမားကြီး ဦးသိန်းမောင်စီကနေ ငှားရမ်းအသုံးပြုဖို့ ကြိုးစားပါတယ်။ ဒါက Sharing ကို စတင်အသုံးပြုလာခြင်း ဖြစ်ပါတယ်။

 

ဒါပေမယ့် ကိုဖိုးထောင်အနေနဲ့ ဒီထက်တစ်ဆင့်ပိုပြီး အသုံးပြုချင်တာက သူ့လို လိုအပ်နေတဲ့ တခြားလယ်သမားတွေကို ဒီလိုစက်မျိုးအသုံးပြုနိုင်ဖို့နဲ့ လယ်သမားကြီး ဦးသိန်းမောင်ကဲ့သို့ စက်တွေ ပိုနေတဲ့လယ်သမားကြီးတွေအတွက် ကြားကနေ ဝန်ဆောင်မှုပေးချင်တာဖြစ်ပါတယ်။ စက်တွေပိုနေတဲ့ လယ်သမားတွေဆီကနေ စက်တွေကို ပိုက်ဆံပေးငှားရမ်းပြီး လိုအပ်နေတဲ့ လယ်သမားတွေအတွက် ဝန်ဆောင်မှုပေးတဲ့စနစ်မျိုးဖြစ်ပါတယ်။

 

ဒါကို မြန်မာနိုင်ငံမှာ အိုးဝေ (Oway)၊ Grab စတဲ့ တက္ကစီအငှားယာဉ်လုပ်ငန်းတွေမှာ Sharing Economy ကို တွေ့နေရပါပြီ၊ အားလုံးမြင်သာဖို့အတွက် စိုက်ပျိုးရေးကဏ္ဍကနေ ဥပမာပေးခဲ့ခြင်း ဖြစ်ပါတယ်။

 

Sharing လို့ပြောတဲ့အခါ ရုံးအဆောက်အအုံတွေ၊ စက်ပစ္စည်းယန္တရားတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပိုနေတဲ့ အရင်းအမြစ်တွေကို မိမိသာမက တခြားသူတွေကိုလည်း ဒါတွေကို ဝေမျှ ရောင်းချခြင်း၊ တခြားသူတွေကလည်း ပိုနေတာတွေကို စနစ်တခုထဲမှာထည့်ပြီး ပိုမိုရောင်းချနိုင်တယ်ဆိုရင် စီးပွားရေးရဲ့ အသုံးချမှုက ပိုမိုထိရောက်မှုရှိပါတယ်။ အရေးကြီးဆုံးက ပြည်တွင်းမှာ အလုပ်အကိုင်နဲ့ ဈေးမျှတပြီး တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရရှိနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်က Sharing Economy ၏ အခြေခံသဘောတရားဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။           Sharing Economy နဲ့ပတ်သက်ပြီး ဦးနေအောင်ရဲ့ အမြင်ကို ဆွေးနွေးပေးပါဦး။

 

ဦးနေအောင်။                ။           Sharing Economy ဆိုတာ နာမည်အတိုင်းပါပဲ မိမိမှာရှိတဲ့ ပစ္စည်းတွေကို ဝေမျှအသုံးပြုတာပါ။ မိမိမှာ အိမ်တွေရှိတယ်ဆိုရင် တစ်နှစ် သို့မဟုတ် တစ်လ ငှားရမ်းပေးတယ်။ ဒီလိုပဲ မိမိမှာ မော်တော်ယာဉ်တွေ အများကြီးရှိပြီး ပိုနေတယ်ဆိုရင် ပြန်ပြီးငှားလို့ရပါတယ်။ တစ်ချိန်တည်းမှာ အချိန်ပိုတွေရှိလာတယ်။ ဒါတွေကို တခြားလုပ်ငန်းတွေမှာ အချိန်ပိုင်းအနေနဲ့ ဝင်ရောက်လုပ်ကိုင်ပြီး မိမိတတ်ကျွမ်းနားလည်တဲ့ Expertise ကို Sharing လုပ်လာကြပါတယ်။

 

အဓိက ဂလိုဘယ်မှာဖြစ်နေတာက ပေါက်မြောက် အောင်မြင်နေတဲ့ဈေးအကြီးဆုံးဖြစ်တဲ့ Auto Sharing ဆိုတဲ့ မော်တော်ကား sharing ပါ။ မိမိမှာရှိနေတဲ့ကားတွေ၊ ပိုနေတဲ့ကားတွေ ပြန်ငှားကြတာပါ။ နောက် မိမိမှာ ဝင်ငွေအပိုရှိနေတယ်ဆိုပါစို့၊ မိမိကဘဏ်တစ်ခု ပြန်ဖြစ်သွားပါတယ်။ ဘဏ်ရဲ့ အဓိကလုပ်ငန်းက ငွေချေးပေးတာဖြစ်ပါတယ်။ ဒီလိုမျိုး ပလက်ဖောင်းတွေ ရှိလာတဲ့အခါ မိမိမှာ ပိုနေတဲ့ ငွေတွေကို ပြန်ချေးပေးတာရှိလာတယ်။ ဒါက မိမိမှာရှိတဲ့ အရင်းအမြစ်တွေကို ပြန်ပြီး အသုံးချပေးတာပါ။

 

နောက်တစ်ဆင့်က ဒစ်ဂျစ်တယ်အင်တာနက်နဲ့ ဘယ်လိုမျိုး ပြန်ပြီးကိုက်ညီလဲဆိုတာကို စဉ်းစားရပါမယ်။ တကယ့် အင်တာနက်ရဲ့ အဓိကအချက်က ဘာလုပ်ပေးလဲဆိုရင် အင်တာနက်က လူတွေအများကြီးကို ဈေးနှုန်း သက်သက်သာသာနဲ့ ထိရောက်အောင် လုပ်ပေးတာပါ။ အင်တာနက်ကနေ လူတွေအများကြီးက ဈေးနှုန်းသက်သက်သာသာနဲ့ ကြည့်လို့ရတယ်။ ဒီဘက်မှာ မိမိရဲ့ ပိုနေတဲ့ ပစ္စည်းတွေရှိတယ်၊ ဝန်ဆောင်မှုတွေရှိတယ် ဒီနှစ်ခုကို ချိတ်ဆက်လိုက်တဲ့အခါမှာ Sharing Economy ဆိုတာ ဖြစ်လာတာပါ။

 

ဒါပေမယ့် ဘာကို ပြန်ခက်လာလဲဆိုတော့ ဥပမာ - ဟိုတယ်တစ်ခုမှာ ဝန်ဆောင်မှု အမျိုးမျိုး ရှိပေမယ့် မိမိအနေနဲ့ တစ်ရက် သို့မဟုတ် နှစ်ရက် သွားရောက်ငှားရမ်းတဲ့အခါမှာ ဘယ်ဟိုတယ်က ဘယ်လိုမျိုး ဝန်ဆောင်မှုမျိုးရှိပြီး မိမိတို့ ငှားရမ်းမှုလိုတဲ့ပုံစံနဲ့ ကိုက်ညီမှု ရှိ / မရှိဆိုတဲ့ အခက်အခဲ တစ်ခု ရှိလာပါတယ်။ ဒါကို ဖြည့်ဆည်းပြီး ချိတ်ဆက်ဆောင်ရွက်ပေးမယ့် Market Place ဆိုတဲ့ ပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာပါတယ်။

 

ဒါက အိမ်တစ်လုံး ငှားရမ်းလိုတဲ့အခါ သူတို့ကနေပြီး အိမ်ငှားရမ်းပေးမယ့်သူရဲ့ အိမ်ပုံစံ ဓာတ်ပုံတွေ၊ အချက်အလက်တွေကို တောင်းယူပြီး ဒါတွေက အမှန်တကယ် ဟုတ် / မဟုတ် ဆိုတာကို လိုက်လံစစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးပြီး မှန်ကန်တယ်ဆိုရင် လာရောက်နေထိုင်မယ့် သူတွေရဲ့ အချက်အလက်တွေကို အိမ်ပိုင်ရှင်တွေကို ပြသပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းဖြေရှင်းပေးတဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးပါတယ်။

 

ဒီလိုမျိုး ဆောင်ရွက်ပေးတဲ့ လုပ်ငန်းတွေအနေနဲ့ မော်တော်ကားအငှားဝန်ဆောင်မှု၊ အိမ်အငှား ဝန်ဆောင်မှုစတဲ့ အောင်မြင်တဲ့လုပ်ငန်းတွေအနေနဲ့ ရှိပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေက Limited မဖြစ်နေပါဘူး။ ဒီဘက်က အင်တာနက်နဲ့ မိမိမှာရှိနေတဲ့ ပစ္စည်းတွေနဲ့ ပေါင်းလိုက်ရင် Sharing Economy ဆိုတာ ဖြစ်လာပါတယ်။

 

အစီအစဉ်မှူး။   ။           တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ Sharing Economy ရဲ့ အကြောင်းနဲ့ အနာဂတ်မှာ Sharing Economy ရဲ့ အရေးပါမှုတွေကို ဦးချစ်ထွန်းဖေက ဆွေးနွေးပေးပါဦး။

 

ဦးချစ်ထွန်းဖေ။ ။           လက်ရှိခန့်မှန်းထားတာက ၂၀၂၅ ခုနှစ်အထိမှာ Sharing Economy စုပေါင်းဝေငှဆောင်ရွက်တဲ့ စီးပွားရေးစနစ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၃၅ သန်းအထိ ကြီးမားတဲ့ပမာဏရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်လို နိုင်ငံမျိုးမှာ လူဦးရေသန်းပေါင်း ၈၀ ကျော်လောက်အထိ Sharing Economy ကို အခု ၂၀၂၁ ခုနှစ်မှာ စတင်သုံးစွဲနေကြတာကို သုတေသန အချက်အလက်တွေအရ သိကြရပါတယ်။

 

တစ်ကမ္ဘာလုံး သာမက အခု မြန်မာနိုင်ငံမှာလည်း ရောက်ရှိနေပါပြီ။ အခုဆိုရင် Oway တို့၊ Grab တို့နဲ့ အခြားကုန်စည်တွေဆိုရင် ဒီပလက်ဖောင်းတွေကို သုံးစွဲနေပြီဖြစ်ပါတယ်။ မိမိရဲ့ ရုံးနေရာကို ရေရှည်ငှားစရာမလိုဘဲ၊ လိုမှစားပွဲခုံယူပြီး ငှားလို့ရတယ်ဆိုတဲ့ စနစ်မျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ ပေါ်နေပါပြီ။ ဒါက အနာဂတ်မှာ ဒီထက်ပိုပြီး သုံးစွဲမှုတွေ မြင့်လာမယ့်သဘောလို့ ကျွန်တော် ထင်ပါတယ်။

 

ဘာကြောင့် Sharing Economy က အနာဂတ်မှာ အရေးပါနိုင်သလဲဆိုတော့ နံပါတ်တစ်က ကိုဗစ် - ၁၉ ဖြစ်ပွားတဲ့အခါမှာ လူတော်တော်များများက ဒစ်ဂျစ်တယ်၊ အင်တာနက်၊ ဖေ့စ်ဘွတ်တွေပေါ်ကို ပိုမိုရောက်ရှိလာကြပါတယ်။ ဘာပဲလုပ်လုပ် မိုလ်ဘိုင်းဖုန်းနဲ့ ဝယ်မယ်၊ ပေးမယ်။ ကျွန်တော် ထင်တယ် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်သုံးစွဲမှုက ပိုပြီးများပြားလာမှာ ဖြစ်ပါတယ်။

 

ဒီအခါမှာ Sharing Economy က ဘာအခွင့်အလမ်းတွေပေးသလဲဆိုတော့ တစ်ဖက်ကလည်း အရင်းအမြစ်တွေ ရှိနေတယ်။ ဒါကို ထိထိရောက်ရောက်နဲ့ ဝေမျှနိုင်ဖို့နဲ့ ပါဝင်တဲ့သူတွေအားလုံး အကျိုးကျေးဇူးရရှိဖို့ပါ။ အဓိက ကျွန်တော်တို့နိုင်ငံမှာ နေထိုင်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ လိုအပ်ပါတယ်။ Sharing Economy ရဲ့ အားသာချက်တစ်ခုက ပြည်တွင်းမှာ ထိုက်သင့်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ပါပါတယ်။

 

စနစ်တစ်ခုဖြစ်တဲ့အတွက် ဒါတွေအားလုံးကို ဘယ်သူက ရောင်းတယ်။ ဘယ်သူ့ကို ရောင်းတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့အတွက် ဒီစနစ်က Check and Balance လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေမှာ မျှတတဲ့ပြိုင်ဆိုင်မှုဖြစ်လာပြီး အခွင့်အလမ်းသစ်တွေ ပေါ်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် သုံးစွဲမှုအနေအထားက ပိုပြီးများပြားလာနိုင်ပါတယ်။

 

နောက်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခွင့်အရေးတွေ ရလာနိုင်တယ်။ တချို့ဟာတွေမှာ ကျွန်တော်တို့က Crowd Funding, Crowd Sourcing လို့ခေါ်ပါတယ်။ ကျွန်တော်တို့က ငွေကြေးမတတ်နိုင်ဘူး၊ ပစ္စည်းတစ်ခုဝယ်ချင်တယ်။ စုပေါင်းပြီးဝယ်နိုင်တဲ့ စနစ်မျိုး၊ စုပေါင်းငွေချေး တဲ့စနစ်လိုမျိုးတွေ ဖြစ်လာပါတယ်။ အရင်က မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် စနစ်တစ်ခု မရှိတဲ့အတွက် လိမ်သွားမှာ၊ သူ့ကိုစောင့်ကြည့်ရမှာ ရှိပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာတွေ ပေါ်လာပြီ ပိုမိုကောင်းမွန်တဲ့ ထိန်းကျောင်းတဲ့စနစ်တွေ ပါလာတဲ့အတွက် စုပေါင်းဆောင်ရွက်တဲ့ စနစ်တွေက Sharing Economy မှာ သုံးစွဲမှု ပိုမိုများပြားလာမှာဖြစ်ပါတယ်။

 

နောက်တစ်ခု အရေးကြီးတဲ့အပိုင်းက တီထွင်ကြံဆခြင်းဖြစ်ပါတယ်။ Sharing Economy မှာ Gig Economy လို့ခေါ်ပါတယ်။ ပစ္စည်းတွေ ရောင်းရုံမဟုတ်ပါဘူး။ လူတွေရဲ့ အစွမ်းအစ၊ အရည်အချင်း၊ ဉပမာ - ကွန်ပျူတာသမားတွေဆိုရင် ပရိုဂရမ်မာလိုမျိုး၊ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ အကြံပေးတဲ့သူတွေ၊ စာရင်းအင်းပညာရှင် ဖြစ်မယ်။ ဒီလိုလူတွေက သူတို့ရဲ့ ပိုနေတဲ့အချိန်ကို သူတို့ရတဲ့ လုပ်ငန်းတွေက အတွေ့အကြုံတွေကို ဒီလိုပလက်ဖောင်းတွေ၊ အွန်လိုင်းတွေကနေတစ်ဆင့် မျှဝေနိုင်ပါတယ်။ လူတွေရဲ့ ကျွမ်းကျင်မှုတွေကို ရနိုင်ပါတယ်။

 

ဈေးကြီးကြီးတွေနဲ့ လုပ်ရမယ့်အစား လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ ရနိုင်ပါတယ်။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုရာမှာ လူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို Sharing Economy မှာ ပလက်ဖောင်းပေါ်ကနေ ဝေမျှချင်တဲ့သူကလည်း ဝေမျှနိုင်ပါတယ်။ ဒါကို ဒီနေ့ခေတ် သင်ကြားမှုတွေမှာ အများကြီး တွေ့နေရပါတယ်။

 

Marketing ဆရာတွေ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ Management နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အွန်လိုင်းကနေ သင်ကြားမှုတွေကို လွယ်လွယ်ကူကူနဲ့ ကိုယ်သိတဲ့အရာကို မျှဝေပြီး ပိုက်ဆံရှာလို့ရသလို သူများရဲ့သင်ကြားမှုကို ကျွန်တော်တို့က သက်သက်သာသာနဲ့ ဒစ်ဂျစ်တယ်ပေါ်ကနေ သင်ကြားလို့ရပါတယ်။

 

ဒါတွေက Sharing Economy ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာရေးကို ဦးစားပေးကြတဲ့သူတွေ များတဲ့အတွက်ကြောင့် Sharing Economy လို့ပြောရင် ကုန်ပစ္စည်းတွေသာမက ဒါတွေကို လုပ်ဆောင်လာကြပါတယ်။ အနာဂတ်ကို တွေးထားတာက တီထွင်ကြံဆမှုတွေ၊ ပြည်တွင်းမှာ အလုပ်အကိုင်ဖန်တီးမှုတွေ၊ ပညာရပ်ပိုင်းဆိုင်ရာတွေကို အသုံးချပြီး ဉပမာ - Uber နဲ့ Grab တို့က နိုင်ငံပေါင်း ၈၀ ကျော်လောက်မှာ Operate လုပ်ပါတယ်။

 

မြန်မာနိုင်ငံအတွင်း သာမက အာဆီယံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ စတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ပါ ချိတ်ဆက်ထားတဲ့ Value Chain တန်ဖိုးရှိတဲ့အရာကို အသုံးချပြီး Sharing Economy ကို တစ်စိတ်တစ်ဒေသအနေနဲ့ ပြည်တွင်းစီးပွားရေးတွေကို ဖန်တီးနိုင်မယ့် အနာဂတ်မျိုးလို့ ကျွန်တော်ထင်ပါတယ်။

 

အနာဂတ်မှာ တစ်ကမ္ဘာလုံးနဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေဖြစ်သလို မြန်မာနိုင်ငံအတွက် နည်းပညာတွေနဲ့အတူ ပွင့်လင်းလာပြီး အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ချမ်းသာမှုကို ဖော်ဆောင်ပေးနိုင်တဲ့အရာတွေထဲမှာ Sharing Economy က တစ်ခုအပါအဝင် ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။

 

အစီအစဉ်မှူး ။  ။ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ ရှုထောင့်၊ အမြင်တွေကို ဆွေးနွေးပေးပါဦး။

 

ဦးနေအောင်။                ။           အဓိက မြန်မာနိုင်ငံမှာ Sharing Economy တစ်ခုကို အောင်မြင်အောင် ဘယ်လိုထမ်းဆောင်မလဲ၊ အချိန်တစ်ခုသတ်မှတ်ပြီး ဒီနှစ်ကို ဘယ်လိုလုပ်မယ်၊ နောင်နှစ်ကို ဘယ်လို လုပ်မယ်၊ ဘယ်လိုအခက်အခဲတွေ ဖြစ်တတ်သလဲဆိုတော့ ကျွန်တော်တို့မှာ အလားအလာရှိပါတယ်။ တကယ်လုပ်ဆောင်ရာမှာက ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်သလဲဆိုတာ ဖြစ်ပါတယ်။

 

e – Commerce အကြောင်း နည်းနည်းပြောချင်ပါတယ်။ Trend က အတူတူပါ။ အဓိက ဘယ်လိုဖြစ်နေသလဲဆိုတော့ အင်တာနက်က လူတွေအများကြီးအထိ ပျံ့နှံ့နိုင်တယ်။ ဝန်ဆောင်မှုတွေ ပေးနိုင်တယ်။ ဈေးရောင်းချမှုတွေလည်း ဖြစ်လာနိုင်တယ်။ ငွေပေးချေမှုတွေကလည်း ပေါ်လာတယ်။ အခုထိ အခက်အခဲဖြစ်နေတာက ယုံကြည်စိတ်ချမှု၊ ပွင့်လင်းမြင်သာမှု ဒါတွေက အရေးကြီးနေပါတယ်။

 

ဒါတွေကို ပိုပြီး လွယ်လွယ်ကူကူဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒါက အရေးကြီးတဲ့တစ်ခု ဖြစ်နေပါတယ်။ e – Commerce နောက်ပိုင်းမှာ ဝယ်တဲ့ဘက်မှာရော၊ ရောင်းတဲ့ဘက်မှာပါ အခက်အခဲ တော်တော်များများကို တွေ့ရပါတယ်။ ဒါက မြန်မာနိုင်ငံသာမက နိုင်ငံတိုင်းမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုက Register မလုပ်ထားလို့ဖြစ်ဖြစ်၊ ဘယ်သူက ရောင်းတယ်ဆိုတာ မသိထားလို့ဖြစ်ဖြစ် အခက်အခဲဖြစ်တတ်တာမျိုးတွေ ရှိပါတယ်။

 

Industry တစ်ခုပေါ်လာဖို့ဆိုရင် Role တစ်ခု လိုအပ်ပါတယ်။ နှစ်ဖက်စလုံးအတွက် ညီမျှတဲ့ Regulation တစ်ခုလိုအပ်ပါတယ်။ အစိုးရဘက်က ဘယ်လိုထိန်းကျောင်းမှုတွေ လုပ်မလဲ။ ဒီလိုမဟုတ်ရင် ကိုယ်တိုင် ဘယ်လိုထိန်းကျောင်း ဆောင်ရွက်မလဲ။ ဒီလိုလုပ်ခြင်းဖြင့် ယုံကြည်စိတ်ချမှုတွေ ပိုများလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုယုံကြည်စိတ်ချမှုတွေမရှိရင် အလုပ်တွေက မအောင်မြင်နိုင်ပါဘူး။

 

Over Regulation ဖြစ်နေရင် Industry တိုးတက်ဖို့ ခက်ခဲနိုင်သလို Under Regulation ဖြစ်နေရင် Industry အတွက် တိုးတက်သင့်သလောက် မတိုးတက်ဘဲဖြစ်တတ်ပါတယ်။ ဒါက အစိုးရအနေနဲ့ ထိန်းကျောင်းပေးဖို့လိုတာက နှစ်ဖက်စလုံး Transparent ရှိရှိ အလုပ်လုပ်နိုင်ဖို့နဲ့ စနစ်တွေရှိဖို့ လိုပါတယ်။

 

ဉပမာ - တစ်ရက်ကို အခု ၁၀၀ ရောင်းရတယ်။ ဝန်ဆောင်မှုတွေလည်းပေးနိုင်တယ်။ ဒါပေမယ့် တစ်ခု/ နှစ်ခုလောက် ဆုံးရှူံးနစ်နာမှုတွေ ဖြစ်သွားရင် အဲဒီစီးပွားရေးအကုန်လုံးက အခက်အခဲ ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ အလားအလာလည်းရှိနေပါတယ်။

 

အဓိက Sharing Economy ဆိုတာက လူတိုင်း၊ လူတိုင်း ဘယ်သူမဆို ကိုယ်က အကုန်မသုံးဘူး။ အထူးသဖြင့် ကားဆိုရင် ဝယ်မှာလား၊ ခဏပဲငှားသုံးမှာလား ဒီလိုအတွေ့အကြုံတွေ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်/ နှစ်နှစ်အတွင်းမှာ ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်မယ်ဆိုရင် Private Economy နဲ့ Market Place မှာ တကယ်လုပ်ဆောင်နေတဲ့သူတွေရော၊ အစိုးရရော အားလုံး အတူတူတွဲပြီး လုပ်ဆောင်လိုက်မယ်ဆိုရင် အောင်မြင်မှု ပိုပြီးမြန်ဆန်လာတာကို တွေ့ရပါတယ်။ အခု အခြေအနေဆိုရင် ပိုပြီး အလားအလာကောင်းတာကို မြင်တွေ့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ထက်လျှံ