ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

ထက်လျှံ

 

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုတွင် အိုင်စီတီ (ICT) အခန်းကဏ္ဍ၏အရေးပါမှုနှင့် လက်ရှိမြန်မာနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေ၊ လူ့စွမ်းအားအရင်းအမြစ် အခြေအနေများနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေ ပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး ။ ။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ အိုင်စီတီ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါနေသလဲ၊ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွေက ဘယ်လိုတွေရှိနေသလဲဆိုတဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမယ့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းဦးနဲ့ မြန်မာနိုင်ငံလူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုပညာအသင်း (HR ကျွမ်းကျင်သူ) ဒေါ်ရွှေရည်ဝင်းလဲ့တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ အိုင်စီတီ အခန်းကဏ္ဍ အရေးပါတဲ့အတွက် လက်ရှိအိုင်တီပညာရှင်တွေ မွေးထုတ်ပေးနေမှုအခြေအနေနဲ့ အိုင်တီပညာရှင်တွေရဲ့ လမ်းကြောင်းတွေက ပြောင်းလဲသွားတာမျိုးတွေ ရှိသလားဆိုတာကို ဖြေကြားပေးစေချင်ပါတယ်။ ဒီအဖွဲ့ အစည်းတွေကို ဘယ်လိုအဖွဲ့အစည်းတွေက အသိအမှတ်ပြုပေးနေတယ်ဆိုတာကို ဦးငြိမ်းဦးက မျှဝေပေးပါဦး။

 

ဦးငြိမ်းဦး ။ ။ မြန်မာနိုင်ငံအနေနဲ့ အိုင်စီတီပညာရှင်တွေ မွေးထုတ်ပေးနေတဲ့ Supply Side က အခန်းကဏ္ဍ နှစ်ခုရှိပါတယ်။ တစ်ခုက Government University ပါ၊ Public Sector ဖြစ်ပါတယ်။ နောက်တစ်ခုက Private Sector ဖြစ်တဲ့ ပုဂ္ဂလိကအပိုင်းကနေ မွေးထုတ်ပေးနေတာ ဖြစ်ပါတယ်။

 

Public Sector အနေနဲ့ဆိုရင် အိုင်စီတီပညာရှင်တွေကို မွေးထုတ်ပေးနေတဲ့ အစိုးရကွန်ပျူတာတက္ကသိုလ် ၂၈ ကျောင်းရှိပါတယ်။ အိုင်စီတီ အထူးပြုမေဂျာတွေကို သင်ကြားလေ့ကျင့်ပေးနေတဲ့ နည်းပညာတက္ကသိုလ်တွေက လည်း ၁၂ ကျောင်းရှိပါတယ်။ အိုင်စီတီပညာကို ပူးတွဲလေ့ကျင့်သင်ကြားပေးနေတဲ့ အစိုးရဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် လေးခုရှိပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ အသင်းတွေဖွဲ့စည်းပြီး ကွန်ပျူတာပညာရှင်တွေ မွေးထုတ်ပျိုးထောင်ပေးလျက်ရှိပါတယ်။

 

ပုဂ္ဂလိက ကဏ္ဍအနေနဲ့ အဆင့်မြင့် ပုဂ္ဂလိကသင်တန်းကျောင်းတွေကနေ အိုင်စီတီအထူးပြုပညာရပ်တွေ ဘွဲ့သင်တန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သင်ကြားပေးနေတာ ရှိပါတယ်။ Private Skill Training Center တွေအနေနဲ့ အဓိကကွန်ပျူတာကျွမ်းကျင်မှုကို ရရှိနိုင်ဖို့အတွက် သင်ကြားလေ့ကျင့် ပေးနေတာရှိပါတယ်။

 

အစိုးရတက္ကသိုလ်တွေအနေနဲ့ ကွန်ပျူတာဘွဲ့တွေလို့ပြောရင် B.C.Sc, B.C.Tech, B.Sc (Computer Sciences) အခြေခံကျတဲ့ ကွန်ပျူတာဘွဲ့တွေကို တောက်လျှောက် တက္ကသိုလ်အများစုကနေ မွေးထုတ်ပေးနေတာဖြစ်ပြီး နည်းပညာတက္ကသိုလ်တွေက B.E (IT), B.E (Information Science), B.E (Computer Engineering) စသဖြင့် ဘွဲ့တွေကို နှစ်စဉ် ၃၀၀၀ ကျော်/ ၄၀၀၀ လောက် မွေးထုတ်ပေးလျက်ရှိပါတယ်။

 

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းအနေနဲ့ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူငယ်အိုင်တီပညာရှင်တွေကို အရည်အချင်းစစ်စာမေးပွဲတွေ ဥပမာ ဂျပန်နိုင်ငံကနေ Organize လုပ်ပြီး နိုင်ငံပေါင်း ခုနစ်နိုင်ငံက အသိအမှတ်ပြု တဲ့ ITPEC Examination လိုဟာမျိုးတွေ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းကိုယ်တိုင် တီထွင်ပြင်ဆင်ထားတဲ့ MCPA Exam လိုဟာမျိုးတွေ ဒါတွေကိုကျင်းပပြီး ပညာရှင်တွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။

 

ဒါ့အပြင် နိုင်ငံအဆင့် အိုင်စီတီပြိုင်ပွဲတွေကနေ ပညာရှင်တွေ ပိုမိုတိုးတက်ရရှိလာအောင် ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ အာဆီယံဒေသနဲ့ ကမ္ဘာ့အိုင်စီတီပြိုင်ပွဲတွေကိုလည်း သွားရောက်ယှဉ်ပြိုင်ပြီး ပညာရှင်တွေ မွေးထုတ်ပေးလျက်ရှိပါတယ်။ ထို့အတူ အစ္စရေးနိုင်ငံလို အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး IT Business Plan Competition & Startup Programme တွေ၊ နောက် ထူးခြားချက်က အစိုးရတက္ကသိုလ်တွေနဲ့ပူးပေါင်းပြီး Academic & Industry ချိတ်ဆက် ဆောင်ရွက်ပေးမယ့် Internship Program တွေကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနအပါအဝင် အိုင်စီတီ စံချိန်စံညွှန်းသတ်မှတ်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ICT Skills Standard တွေ ဆောင်ရွက် ပေးလျက်ရှိပါတယ်။

 

ပုဂ္ဂလိက အဆင့်မြင့်ပညာရေးကဏ္ဍအနေနဲ့ B.Sc (Hons) Business IT, B.Sc (Hons) in Computing အစရှိတဲ့ ဘွဲ့သင်တန်းတွေကို နိုင်ငံတကာတက္ကသိုလ်တွေ၊ ပညာရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လေ့ကျင့် သင်ကြား ပေးလျက်ရှိပါတယ်။ Skill Training သင်ကြား ပေးနေတဲ့ သင်တန်းကျောင်းတွေကလည်း အိုင်တီပညာရှင်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် Software Engineering, Hardware Engineering နဲ့ Network Engineering သင်တန်းတွေနဲ့ အခုခေတ်စားနေတဲ့ Database, Web, Mobile Application Development, Cloud Computing သင်တန်းတွေအပြင် လက်ရှိကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေပြီဖြစ်တဲ့ AI Professional Certifications သင်တန်းတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ Public Sector, Private Sector ပေါင်းပြီး Database Administrator, Web Developer, Mobile Application Developer, Network Engineer စသဖြင့် ဒီလိုပညာရှင်တွေကို မွေးထုတ်ပေးလျက်ရှိပါတယ်။

 

တက္ကသိုလ်အသိအမှတ်ဘွဲ့ကို ပြည်တွင်းတက္ကသိုလ် သို့မဟုတ် ပြည်ပတက္ကသိုလ်နဲ့ ချိတ်ဆက်ပြီး ဘွဲ့ရရှိခြင်းက အရေးကြီးသလို Multi National Organization တွေမှာ အလုပ်လုပ်ကြမယ်ဆိုရင် နိုင်ငံတကာ အိုင်တီအဖွဲ့အစည်း တွေရဲ့ အသိအမှတ်ပြုမှုကလည်း အရေးကြီးပါတယ်။ ဒါကို နိုင်ငံတကာအသိအမှတ်ပြု အိုင်တီလက်မှတ် လို့ခေါ်ပါတယ်။

 

နိုင်ငံတကာအသိအမှတ်ပြု အိုင်တီလက်မှတ်ရရှိဖို့အတွက် ဘယ်လိုအဖွဲ့အစည်းတွေက အသိအမှတ်ပြုပြီး အရည်အချင်းစစ်ဆေးမှုတွေကို ဆောင်ရွက်ကြသလဲဆိုရင် ကမ္ဘာ့ထိပ်တန်း အိုင်တီကုမ္ပဏီတွေဖြစ်တဲ့ Microsoft, Oracle, Sun Microsystems, Cisco, Certified Ethical Hacker (CEH), Project Management Institute စသဖြင့် အဲဒီလိုအဖွဲ့အစည်းတွေက အရည်အချင်းစစ်စာမေးပွဲတွေကို အွန်လိုင်းကနေ ကျင်းပပေးကြပါတယ်။

 

ဒီလိုစာမေးပွဲတွေ ဖြေဆိုပြီးရင် အိုင်တီပညာရှင်တွေက ပြည်တွင်း သို့မဟုတ် ပြည်ပကရရှိတဲ့ တက္ကသိုလ် အသိအမှတ်ပြုဘွဲ့တွေအပြင် ဒီလိုမျိုး နိုင်ငံတကာအိုင်တီ အဖွဲ့အစည်းတွေရဲ့ အရည်အချင်း အသိအမှတ်ပြုမှု လက်မှတ်ကိုရယူပြီး နိုင်ငံတကာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

အစီအစဉ်မှူး ။ ။ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာနဲ့ လူ့စွမ်းအားစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေကို အဓိကဆောင်ရွက်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လူ့စွမ်းအားအရင်းအမြစ် အခြေအနေတွေက ဘယ်လိုမျိုးတွေ ရှိနေသလဲဆိုတာကို ဒေါ်ရွှေရည်ဝင်းလဲ့က မျှဝေပေးပါဦး။

 

ဒေါ်ရွှေရည်ဝင်းလဲ့ ။ ။ မြန်မာနိုင်ငံမှာ လောလောဆယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကြောင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ကျန်းမာရေးလုံခြုံ စိတ်ချရဖို့အတွက် လိုအပ်ချက်တွေအရ နိုင်ငံတော်ကနေ ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေအလိုက် လုပ်ငန်းတွေ ပိတ်ရတာမျိုးတွေရှိပါတယ်။

 

စီးပွားရေးလုပ်ငန်းတွေ ပိတ်ရပြီဆိုရင် ဝန်ထမ်းတွေကိုပါ ဆက်စပ်ပြီး ထိခိုက်လာတာမျိုးတွေရှိပါတယ်။ စီးပွားရေး လုပ်ငန်းကို ခဏရပ်နားထားလိုက်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပိတ်လိုက်တာပဲဖြစ်ဖြစ် တချို့ဝန်ထမ်းအမျိုးအစား တွေကို ဆက်လက်ပြီးခန့်ထားလို့ မရတော့ဘဲ ခဏနားထားရတာမျိုးတွေ ရှိပါတယ်။ ပထမဦးဆုံးအဆင့်အနေနဲ့ ဒီအခြေအနေက ဘယ်လောက် ကြာမြင့်မယ်ဆိုတာ မသိခင်မှာ ပထမဦးဆုံး ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ တာဝန်ပေးလိုက်တာမျိုး တွေရှိတယ်။

 

အဲဒီလို အိမ်ကနေ အလုပ်လုပ်ဖို့ လုပ်လိုက်တဲ့အချိန်မှာ တချို့ရာထူးတွေက အိမ်ကနေ အလုပ်လုပ်လို့ မရပါဘူး။ ဥပမာ စားသောက်ဆိုင်တွေ ပိတ်ရတယ်ဆိုရင် အဲဒီဆိုင်မှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေက အိမ်ကနေ အလုပ်လုပ်လို့ မရဘူး။ ဒါကြောင့် သူတို့ကို အလုပ်ကနေ ခေတ္တရပ်နားထားတဲ့ သဘောမျိုးဖြစ်တယ်။ အဲဒီတော့ အခြေအနေ အကြောင်းအရာပေါ်မှာမူတည်ပြီး တချို့လုပ်ငန်းတွေဟာ ဝန်ထမ်းတွေကို လစာအနေနဲ့ ယာယီသုံးပုံတစ်ပုံကနေ စပြီး လျှော့မယ်၊ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်း လျှော့ထားမယ်၊ ပြီးရင် လုံးဝအပြည့်မပေးနိုင်တဲ့ လမျိုးတွေ ရှိနိုင်မယ်။ ဒါဟာ လုပ်ငန်းရဲ့အခြေအနေနဲ့ အမျိုးအစားအပေါ် မူတည်ပြီးဖြစ်ပါတယ်။

 

ဒီဝန်ထမ်းတွေဟာ သူ့ရဲ့ လုပ်ငန်းအမျိုးအစားအခြေအနေ၊ လုပ်ငန်းရဲ့အပေါ်မှာမူတည်ပြီး လစာလျော့သွားတဲ့ ဝန်ထမ်းတွေရှိသလို၊ တစ်ခါတလေမှာ အလုပ်အကိုင်ပါဆုံးရှုံးရတဲ့ အနေအထားမျိုးတွေအထိ ရှိပါတယ်။ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အခြေအနေ၊ အကျိုးအကြောင်းတွေကြောင့် မတ်လနောက်ပိုင်းကနေ အခုအချိန်အထိ မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ထမ်းဈေးကွက်က ခုနကပြောတဲ့ စိန်ခေါ်မှုတွေ တော်တော်များပြားပါတယ်။

ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးသွားတဲ့ ဝန်ထမ်းတွေရဲ့ နှုန်းထားက မြင့်တက်လာသလို အလုပ် ရှင်ဘက်ကနေ ကြည့်မယ်ဆိုရင် လုပ်ငန်းဆက်လက် လည်ပတ်ဖို့အတွက် လိုအပ်တဲ့ဝန်ထမ်းတွေကို အတိုင်း အတာတစ်ခုအထိ လျှော့ချလိုက်ရတာမျိုး၊ အိမ်ကနေ လုပ်ကိုင်ရတာမျိုးတွေ ရှိတဲ့အတွက်ကြောင့် အဲဒီ အခြေအနေအပေါ်မှာ လုပ်ငန်းကိုထိခိုက်သလိုဝန်ထမ်းကိုလည်း ထိခိုက်ပါတယ်။ လုပ်ငန်းဘက်ကနေ ပြောမယ်ဆိုရင် တစ်ခါတလေ မဖြစ်မနေ ရုံးကနေပြီး အလုပ်လုပ်ရမယ့် အနေအထားမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အိမ်ကနေပဲ အလုပ်လုပ်ရပါတယ်။ ရုံးကိုသွားလို့ မရတဲ့အတွက်ကြောင့် ခုနကဦးငြိမ်းဦး ပြောသွားသလို အိုင်တီနည်းပညာတွေကိုအသုံးပြုပြီး အိမ်ကနေ လုပ်ငန်းခွင်ထဲကို မသွားဘဲနဲ့ အလုပ်လုပ်ရတဲ့ အခြေအနေမျိုးတွေ ရှိလာတဲ့အခါ လုပ်ငန်းဘက်ကနေလည်း ဒီဝန်ထမ်းတွေ အလုပ်လုပ်တာ အဆင်ပြေချောမွေ့ဖို့ စီစဉ်ပေးရတာတွေ၊ ထပ်ဆောင်းစီစဉ်ပေးရတဲ့ အခြေအနေမျိုးတွေ များပြားလာပါတယ်။

 

ဝန်ထမ်းဘက်ကနေကြည့်မယ်ဆိုရင် အိမ်ကနေ အလုပ်လုပ်ဖို့အတွက် နည်းပညာတွေနဲ့ လိုက်လျောညီထွေ အလုပ်လုပ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ ရှိမနေခဲ့ဘူးဆိုရင် သူတို့မှာ အဆင်မပြေမှုတွေရှိပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေ၊ ကျွမ်းကျင်မှုတွေနဲ့လိုက်ပြီး အလုပ်လုပ်ခိုင်းရတာမျိုး တွေရှိပါတယ်။

ဝန်ထမ်းဈေးကွက်အနေနဲ့ ပြောမယ်ဆိုရင် အရေးအကြီး ဆုံးနဲ့ အခက်ခဲဆုံး အခန်းကဏ္ဍက ဝန်ထမ်းတွေအနေနဲ့ အလုပ်အကိုင် ဆုံးရှုံးရတာပါ။ နောက်တစ်ချက်က အလုပ် အကိုင်မှာ ဝင်ငွေလျော့နည်းသွားတာတွေပါ။ လုံးဝအလုပ် အကိုင်ဆုံးရှုံးရင် ဆုံးရှုံး သို့မဟုတ် ဝင်ငွေလျော့ပါးသွားတာ မျိုးတွေ ရှိတဲ့အတွက်ကြောင့် ဝန်ထမ်းတွေက ပိုမို ကောင်းမွန်တဲ့၊ သူတို့အတွက် ဝင်ငွေ အရင်တိုင်းရနိုင်မယ့် အလုပ်မျိုးတွေကို ရှာဖို့လိုအပ်လာပါတယ်။ ဒီလို လိုအပ်တဲ့အခါမှာလည်း ခုနက ကျွန်မပြောတဲ့ အခြေအနေကြောင့်ပဲ လုပ်ငန်းတွေက ဝန်ထမ်းအသစ်ထပ်ခေါ် တဲ့အခါမှာ ယခင် လူ့စွမ်းအားအရင်းအမြစ် အစီအစဉ်အရ လိုအပ်နေတယ်ဆိုရင်တောင်မှ လက်ရှိအခြေ အနေအပေါ်မှာ ခေတ္တဆိုင်းငံ့ထားရတာမျိုးတွေရှိတဲ့ အတွက်ကြောင့် ဝန်ထမ်းတွေကို ခန့်တဲ့အနေအထားမှာ လည်း အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့သွားတာမျိုး ရှိပါတယ်။

 

လောလောဆယ် ဝန်ထမ်းအသစ်ခန့်ရင်လည်း ရုံးကို သွားပြီး အလုပ်မလုပ်နိုင်မယ့်အတူတူ ခဏဆိုင်းငံ့ထားမယ် ဆိုတာမျိုးနဲ့ ဆိုင်းငံ့ထားတဲ့လုပ်ငန်းတွေလည်း ရှိလာတဲ့ အခါမှာ ဝန်ထမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း သစ်ရဖို့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ တချို့ လုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် သင်တန်းတွေ စီစဉ်တဲ့အခါမှာလည်း Social Distancing အရ သင်တန်းတွေကို ရုံးမှာ သို့မဟုတ် သင်တန်းခန်းမမှာ Classroom Type နဲ့ သင်ကြားလို့ မရတဲ့အခါ ဒီဖွံ့ဖြိုးတိုးတက်မှု သင်ကြားရေးအစီအစဉ် တွေကို အွန်လိုင်းကနေလုပ်ဖို့ အတွက်ကို အတတ်နိုင်ဆုံး ပြောင်းလဲပစ်ရပါတယ်။

 

အွန်လိုင်းကနေလုပ်ရမှာဖြစ်တဲ့အတွက် လုပ်လို့မရတဲ့သင်တန်းအချို့ရှိလာတဲ့အခါ သူတို့ရဲ့ လက်တွေ့ သင်ယူ လေ့လာဖို့ အခွင့်အရေးကို ဆုံးရှုံးရပါတယ်။ အချိန်အတိုင်းအတာ အကန့်အသတ်တစ်ခုမသိသေးတဲ့ အချိန်မှာ နောက်ကို ရွှေ့လိုက်ရပါတယ်။ လောလောဆယ် အိမ်ကနေ သင်တန်းတက်လို့ရတဲ့ အစီအစဉ်ကိုလုပ်နိုင်ပြီး သင်တန်းခန်းမထဲမှာ တကယ့်ကို လက်တွေ့ကျကျလုပ်ရမယ့် သင်တန်းတွေ၊ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို နောက်ကို ရွှေ့လိုက်ရတာတွေလည်း ရှိပါတယ်။

 

ဝင်ငွေလည်း လျော့မသွားဘူး၊ ဆက်ရနေသေးတယ်။ အိမ်ကနေ အလုပ်လုပ်လို့ရနေတယ်ဆိုရင်တောင်မှ ဝန်ထမ်းတွေဘက်မှာ ထိခိုက်နစ်နာလာတာက သင်ကြားရေးပုံစံတွေပါ။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်ကြားရေးပုံစံတွေဟာ အကုန်လုံးအွန်လိုင်းကနေသွားလို့ရတဲ့ အစီအစဉ်မျိုးတွေပဲ သူတို့က တက်ရောက် နိုင်မှုရှိတော့တယ်။

 

အဲဒီအတွက် ဖွံ့ဖြိုးတိုးတက်မှုဘက်မှာ စိန်ခေါ်မှုတွေနဲ့ ထိခိုက်နစ်နာလာပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း အသစ်ကို ရှာမယ်ဆိုတော့လည်း လုပ်ငန်းအသစ်တွေမရှိသလို ဝန်ထမ်းအသစ်ခေါ်ဖို့ကို ခဏဆိုင်းငံ့နေတဲ့ လုပ်ငန်းတွေလည်းရှိတယ်။ ဆိုင်းငံ့မနေဘူး၊ ဝန်ထမ်းတွေကို ဆက်ပြီးခေါ်မယ်၊ ဒီဝန်ထမ်းတွေက မဖြစ်မနေ လိုအပ်နေတယ်။ အိမ်ကနေလည်း အလုပ်လုပ်လို့ရတဲ့ အနေအထားမှာ တစ်ခါလူတွေ့စစ်ဆေးမေးမြန်းဖို့၊ စာတွေ့ စစ်ဆေးမေးမြန်းဖို့အတွက် အွန်လိုင်းကနေလုပ်တဲ့ လုပ်ငန်းတွေရှိပါတယ်။ လက်တွေ့စစ်ဆေးမေးမြန်းဖို့ လိုတယ်ဆိုရင် တစ်ခါဆိုင်းငံ့သွားပြန်တယ်။ အွန်လိုင်းကနေ လုပ်မယ်ဆိုတဲ့အခါမှာလည်း စီးပွားရေးလုပ်ငန်း တစ်ခုဟာ စီမံတတ်မယ်ဆိုရင် အလုပ်လျှောက်သူဘက်မှာ ဒီလိုလုံလောက်တဲ့ အွန်လိုင်းနဲ့ပတ်သက်တဲ့ Tools တွေ အကုန်လုံးရှိဖို့ လိုအပ်ပါတယ်။ အဲဒါမျိုးမရှိဘူးဆိုရင် တစ်နေရာမှာသွားပြီး အင်တာဗျူးဖြေဖို့ လုပ်ရမယ်။

 

ဒါဆိုရင်လည်း အခက်အခဲတွေ ရှိပြန်တယ်။ အဲဒီ အခက်အခဲတွေအားလုံးကြောင့် ဝန်ထမ်းရေးရာ၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုမှာလည်း ထိခိုက်တဲ့အနေအထား တွေရှိသလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံတဲ့အခါမှာလည်း ခုနကလို စိန်ခေါ်မှုတွေ ရှိပါတယ်။ ခြုံငုံပြီးပြောမယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်အခြေအနေ၊ ဝန်ထမ်းရေးရာအခြေအနေမှာ ထိခိုက်နစ်နာမှုတွေရှိပြီးတော့ အလုပ်လက်မဲ့ဝန်ထမ်းတွေရဲ့ ဦးရေကလည်း မြင့်တက်လာသလို ဝန်ထမ်းတွေရဲ့ ဝင်ငွေအားဖြင့် လျော့နည်း သွားတဲ့နှုန်းထားကလည်း မြင့်တက်လာပါတယ်။ အဲဒါနဲ့ တစ်ပြိုင်နက် တစ်ဖက်မှာလည်း ဘယ်လိုအခွင့်အလမ်းမျိုး တွေ ပေါ်လာသလဲဆိုတော့ ဆိုကြပါစို့ သင်တန်းဖွင့်တဲ့ လုပ်ငန်းတစ်ခုဆိုရင် သင်တန်းဆရာတစ်ယောက်ဟာ သင်တန်းကို သင်တန်းခန်းမထဲမှာ သင်စရာမလိုဘဲ သူ့အိမ်က၊ သူရှိနေတဲ့နေရာက အွန်လိုင်းကနေ သင်ကြား လို့ရတယ်။

 

ဝန်ထမ်းတွေအနေနဲ့လည်း ဝန်ထမ်းဖြစ်လိုသူတွေ၊ ဝန်ထမ်းအလုပ်အသစ်တစ်ခုရဖို့ ကြိုးစားနေသူတွေ Capacity ကို မြင့်တက်ဖို့ သင်တန်းတွေတက်ဖို့ရာမှာလည်း တတ်နိုင်တဲ့အခွင့်အလမ်းတွေ ရှိပါတယ်။ တစ်ဖက်က စိန်ခေါ်မှု တွေရှိနေသလို နောက်တစ်ဖက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ဆိုရင် အရင်က၊ အွန်လိုင်းက မဖြစ်မနေသွားရမယ်ဆိုတဲ့ အခြေအနေ မရောက်ခင်တုန်းကနဲ့စာရင် အွန်လိုင်းကနေ အလုပ်လုပ်လို့ရတဲ့ ရာထူးမျိုးတွေကို လုပ်ငန်းတွေက ဖန်တီးလာသလို အွန်လိုင်းကနေ အလုပ်လုပ်ဖို့ ကျွမ်းကျင်တဲ့အရည်အချင်း ရှိတဲ့ အိုင်တီပညာရှင်မျိုးတွေ၊ အိုင်တီနဲ့ ဆက်စပ်သင်တန်းတွေကို တက်ရောက်ထားတဲ့သူတွေဟာ အလုပ်လုပ်ဖို့ အခွင့်အလမ်းတွေကို ရရှိလာပါတယ်။

 

ဒီတော့ ခြုံငုံပြီးပြောမယ်ဆိုရင် စိန်ခေါ်မှုရှိသလို တစ်ဖက်ကလည်း အခွင့်အလမ်းအနေနဲ့ အလုပ်အကိုင် အမျိုးအစားအသစ်တွေ ပေါ်ထွန်းလာပါတယ်။ သို့သော် အခြေအနေ အကြောင်းကြောင်းအရ “ကိုဗစ်”ဆိုတဲ့ အခြေအနေကို မကျော်လွှားနိုင်သေးခင် ဒီစိန်ခေါ်မှု တွေကြားထဲမှာ လုပ်ငန်းတွေကလည်း ဝန်ထမ်းတွေအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲသွားကြမလဲ။ ဝန်ထမ်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်သွား ကြမလဲဆိုတာကို အစဉ်မပြတ်လေ့လာပြီး အဆင်ပြေအောင် ဆောင်ရွက်နေရသလို အလုပ်ရှာဖွေနေသူတွေ၊ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကလည်း ကိုယ့်ရဲ့အလုပ်ကို မထိခိုက်အောင်၊ ကြိုးစားအားထုတ်မှုတွေမှာ အရင်ထက်ပိုပြီး အားစိုက်ထုတ်မှုတွေ လုပ်နေရပါတယ်။ ဒါကတော့ လောလောဆယ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံခန့်ခွဲမှုအခန်းကဏ္ဍမှာ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းတချို့ ဖြစ်ပါတယ်။

 

အစီအစဉ်မှူး ။ ။ အခုလက်ရှိ ကိုဗစ်ကာလအတွင်းမှာ အိုင်စီတီပညာရှင်တွေရဲ့ အလုပ်အကိုင်ပုံစံတွေကရော ပြောင်းလဲသွားတာမျိုးတွေ ရှိသလား။ အိုင်စီတီကို တိုက်ရိုက်အသုံးမပြုပေမယ့်လည်း အွန်လိုင်းနည်းပညာကို အဓိကအသုံးပြုနေတဲ့ အွန်လိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေရဲ့ တိုးတက်မှုကရော ဘယ်လိုမျိုးတွေရှိနေသလဲ။ ရာထူးတွေကရော အသစ် အဆန်းတွေ ပေါ်ပေါက် လာတာမျိုးတွေရှိသလားဆိုတာကို ဆရာဦးငြိမ်းဦးက ဆွေးနွေးပေးပါဦး။

 

ဦးငြိမ်းဦး ။ ။ အိုင်တီအခန်းကဏ္ဍ ထူးခြားချက်က ကိုဗစ်မတိုင်ခင် အခြေအနေကို ပြောပြလိုပါတယ်။ အိုင်တီနဲ့ပတ်သက်ပြီး လုပ်ရတာ အားလုံးဟာ ရုံးဌာနမှာသွားပြီးလုပ်ရတာအစား အချို့ အလုပ်တွေကို မိမိအိမ်ကနေ Work From Home လုပ်ကိုင်ခဲ့ရတဲ့ အခြေအနေတွေလည်း အများကြီးရောက် ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လည်း Internet နဲ့ Cloud တွေ အသုံးပြုလာတာများတဲ့အခါ အိုင်တီပညာရှင်တွေက ကပ်ရောဂါကြောင့် Work From Home လုပ်ရတဲ့ အနေအထားမတိုင်ခင်ကတည်းက အလုပ်အကိုင် တော်တော် များများ အိမ်ကနေလုပ်ရတဲ့ သဘောတရားရှိပါတယ်။ ကပ်ရောဂါ ပေါ်ပေါက်လာတဲ့ အတွက် Work From Home အွန်လိုင်းကနေ အလုပ် လုပ်ကြရတဲ့ လုပ်ငန်းပုံစံတွေဟာ အိုင်တီပညာရှင်တွေ အတွက် Gradual Transition လို့ပဲ ကျွန်တော် သုံးသပ် လိုပါတယ်။

 

အခု မေးတဲ့မေးခွန်းကို ပြန်ကောက်နုတ်ရရင် ကပ်ရောဂါမပေါ်ခင်ကာလမှာလည်း အိုင်တီပညာရှင် တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပုံစံတွေက အများကြီးပြောင်းလဲခဲ့ပါတယ်။ အဓိက Cloud Service တွေ ပေါ်ပေါက်လာပါတယ်။ IT Device တွေနဲ့ လုပ်ငန်းတွေမှာ အသုံးပြုလာကြပါတယ်။ Virtual Reality, Authentic Reality ဒီလို Application တွေနဲ့ အသုံးပြုလာကြပါတယ်။ ပြီးတော့ ပမာဏကြီးမားများပြားလှတဲ့ ဒေတာတွေအပေါ်မှာ အခြေခံပြီးလုပ်ရတဲ့လုပ်ငန်းတွေ များပြားလာတာဖြစ်တဲ့အတွက် အိုင်စီတီနဲ့ပတ်သက်တဲ့ အလုပ်အကိုင်အခန်းကဏ္ဍတွေက ကပ်ရောဂါ မပေါ်ပေါက်လာခင် ကာလမှာကတည်းက ပြောင်းလဲလာခဲ့ပါတယ်။ ဥပမာ- အလုပ်အကိုင်ရာထူးပုံစံအနေနဲ့ တင်ပြရမယ်ဆိုရင် Artificial Intelligent Engineer ရာထူးမျိုးတွေ ပေါ်ပေါက်လာပါတယ်။

 

Big Data Specialist လို့ခေါ်တဲ့ ဒေတာအချက်အလက် တွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ထိန်းချုပ်ပြီး စီမံခန့်ခွဲရတဲ့ပညာရှင်တွေ၊ နောက်ပြီး Data Scientist မိမိတို့လုပ်ငန်းရဲ့ အလားအလာ၊ ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ့်ရဲ့ Customer တွေရဲ့ဒေတာတွေအပေါ်မှာ အခြေခံ ပြီး မိမိတို့လုပ်ငန်းရဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေ၊ ဆောင်ရွက် လုပ်ကိုင်နိုင်တာတွေ၊ ပြီးတော့ IOT Expect လို၊ IT Device တွေကို အသုံးပြုပြီး စီမံခန့်ခွဲရမယ့် ပညာရှင်တွေ၊ Cloud Service Professional, Cloud Computing Environment မှာ ကောင်းမွန်စွာ ကိုင်တွယ်အသုံးပြုလုပ်ကိုင်နိုင်ဖို့၊ အိုင်တီကုမ္ပဏီကြီးတွေရဲ့ လက်မှတ်တွေကိုကိုင်ပြီး Enterprise Cloud Application တွေကို Handle လုပ်နိုင်ဖို့ဆိုတဲ့ ပညာရှင်လိုအပ်ချက်တွေ ပေါ်ပေါက် လာတယ်။

 

ပြီးတော့ Virtual Reality – VR တို့၊ Augmented Reality တို့အပေါ်မှာ အခြေခံပြီး အသုံးပြုကြရမယ့် ပညာရှင်တွေ၊ ရာထူးတွေလည်း ပေါ်ပေါက်လာတယ်။ နောက်ပြီး ထူးခြားချက်က အရင်တုန်းက Software Developer ဆိုရင် Software သီးသန့် Develop လုပ်ဖို့၊ နောက်ပိုင်းမှာ Software Development ရော Operation နဲ့ Maintenance ကို တစ်ပြိုင်နက်တည်း Supply Chain ပုံစံနဲ့ တာဝန်ယူရတဲ့ အိုင်တီပညာရှင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာတယ်။

 

နောက်တစ်ခုက Tech Sale Engineer လို နည်းပညာ ကို ထဲထဲဝင်ဝင်နားလည်ပြီး မိမိတို့ရောင်းချရတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး နားလည်ဆောင်ရွက်နိုင်တဲ့ ပညာရှင်မျိုးတွေ၊ အလုပ်ရာထူးမျိုးတွေ ပေါ်ပေါက်လာတယ်။ အရင်က Microsoft Certified Professional, Microsoft Certified Software Engineer လိုခေါ်တဲ့ Certification တွေကနေ အခုဆိုရင် Microsoft AI Engineer စသဖြင့် Certification တွေကို အသိအမှတ် ပြုဖို့ ဆောင်ရွက်ကြရပါတယ်။

 

ပြီးတော့ ကမ္ဘာ့ထိပ်တန်း Web Service Provide လုပ်ပေးနေတဲ့ Amazon AWS လို Certification မျိုးတွေကို စီမံပြင်ဆင်ရပါတယ်။ Google ဆိုရင်လည်း Google Cloud Architect ပညာရှင်တွေ၊ အသိအမှတ်ပြု စာမေးပွဲတွေ ဝင်ရောက်ဖြေဆိုရတယ်။ မေးတဲ့မေးခွန်းကို ပြန်ပြီးကောက်နုတ်ရရင် အိုင်စီတီပညာရှင်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အလုပ်တာဝန်၊ ရာထူးတာဝန် တွေလည်း ပြောင်းလဲခဲ့တာ အများကြီးရှိပါတယ်။

 

အဲဒီတော့ ဒါဟာ ကပ်ရောဂါမတိုင်ခင်နဲ့ ကပ်ရောဂါ ပြီးနောက်လို့လည်း ပြောလို့ရပါတယ်။ ဒီလိုမျိုး ကပ်ရောဂါ ပေါ်ပေါက်လာတဲ့အတွက် Work From Home အွန်လိုင်း ကနေ အလုပ်လုပ်ကြရမယ်ဆိုတဲ့အခါ အိုင်တီနဲ့ဆက်စပ်တဲ့ တိုက်ရိုက်အလုပ်တွေရော၊ အိုင်တီနဲ့ မဆက်စပ်ပေမယ့် လည်း မိမိလုပ်နေတဲ့ သက်ဆိုင်ရာအလုပ်တွေမှာ အိုင်တီ နည်းပညာဟာ မဖြစ်မနေလိုအပ်တာဖြစ်တဲ့အတွက် ဒါတွေကိုပူးပေါင်းပြီး အလုပ်လိုအပ်ချက်တွေ၊ ရာထူး တာဝန်တွေ အများအပြားပေါ်ထွက်လာပါတယ်။

 

ယခင်က ဆရာ ဆရာမတွေဟာ သက်ဆိုင်ရာစာသင် ခန်းမှာပဲ Whiteboard တွေ၊ Duster တွေနဲ့ သင်ကြား လာရာကနေ အခုဆိုရင် အွန်လိုင်းကနေ သင်ကြားတဲ့ အခြေအနေမှာ အွန်လိုင်းကျူတာတွေ ဖြစ်လာပါတယ်။ အရင်တုန်းက Personal Assistant နေရာမှာ Virtual Assistant အလုပ်တာဝန်မျိုးတွေ၊ အွန်လိုင်းကနေ အလုပ် ခန့်ထားခေါ်ယူရေးကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ ပညာရှင်တွေ၊ အီးမေးလ်ကနေ Marketing လုပ်ပေး နေသူတွေ၊ Proof Reader တွေ၊ ကပ်ရောဂါ ဖြစ်လာတဲ့အခါ လူတွေတော်တော်များများက အိမ်မှာနေရတယ်၊ အိမ်ကနေ အလုပ်လုပ်ကြရတယ်၊ ဖျော်ဖြေရေးအစီအစဉ်တွေအတွက် ဘယ်တေးဂီတတွေက နားထောင်လို့ ကောင်းသလဲဆိုတာ သက်ဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းတွေ၊ Station တွေအတွက် ဆောင်ရွက်ပေးတဲ့ Music Reviewer လို အလုပ်အကိုင် အခွင့်အလမ်းမျိုးတွေ ပေါ်ပေါက်လာပါတယ်။

 

နောက်ပြီး Instagram တို့မှာ ပိုပြီးသုံးစွဲသူတွေ အကျိုးသက်ရောက်မှုရရှိဖို့အတွက် Instagram Influencer လို ရာထူးမျိုးတွေ၊ အလုပ်အကိုင် အခွင့်အလမ်းမျိုး ပေါ်ပေါက်လာတယ်။ နောက်ပြီး အွန်လိုင်းကနေ လုပ်ကိုင် နိုင်တဲ့အလုပ်တစ်မျိုးက တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ Voiceover Artist လို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍအသီးသီး၊ လုပ်ငန်းနယ်ပယ် အသီးသီးအတွက် အသံနဲ့ သရုပ်ဆောင်တာမျိုးတွေ ပေါ်ပေါက်လာတယ်။

 

ဒစ်ဂျစ်တယ်ခေတ်ဖြစ်လာတဲ့အတွက် Digital Marketing ရဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ Search Engine Optimization တို့ Search Engine Marketing အတွက် တာဝန်ယူမယ့် ပညာရှင်တွေ ပေါ်ပေါက်လာပါတယ်။ Facebook Advertisement တွေကို အထူးလေ့လာပြီး လုပ်ငန်းရဲ့တိုးတက်မှုအတွက် ပံ့ပိုးပေးနိုင်မယ့် ပညာရှင် တွေ၊ နောက်ပြီး Online Chatting တွေ လုပ်တဲ့အခါ Agent အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးရမယ့်အလုပ်တွေ၊ အွန်လိုင်းကနေ အခမ်းအနား အစီအစဉ်တွေ ဆောင်ရွက် တဲ့ Online Facilitator တွေ၊ Moderator တွေကို ဖိတ်ပြီး ဆောင်ရွက်ကြရတာတွေ ရှိပါတယ်။

 

ဒီလိုအလုပ်တာဝန်တွေက ကိုဗစ်ကာလနောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အလုပ်တာဝန်တွေလို့လည်း ပြောလို့ ရပါတယ်။ အဲဒီအပြင် နည်းနည်းတစ်ဆင့်မြင့် Marketing လုပ်တဲ့သူ၊ Marketing Expert, HR လုပ်တဲ့သူ HR Expert စသဖြင့် Customer Service Manager ဒီလိုပညာရှင်တွေ အနေနဲ့ကလည်း အွန်လိုင်းပလက်ဖောင်းအသုံးပြုပြီး ချိတ်ဆက်ဆောင်ရွက်လာကြပါတယ်။ ဒါတွေက ထူးခြား ချက်တွေ ဖြစ်ပါတယ်။

 

Business Intelligent လို မိမိလုပ်ငန်းရဲ့ အလား အလာတွေ၊ ပြိုင်ဘက်စီးပွားရေးလုပ်ငန်းအကြောင်း၊ ကမ္ဘာ့ စီးပွားရေးအခြေအနေအကြောင်း လေ့လာဆန်းစစ်ပြီး လုပ်ရတဲ့ပညာရှင်တွေ အနေနဲ့လည်း Online Tools တွေကို သုံးပြီးတော့ ပိုပြီးသူတို့ရဲ့ လုပ်ငန်းကိုချဲ့ထွင်လာနိုင်တယ်။

 

နောက်ပြီး အခု စီးပွားရေးလုပ်ငန်းမျိုးစုံက အွန်လိုင်း ကနေ သူတို့ရဲ့ Product တွေ၊ Service တွေကို ရောင်းချ ကြတဲ့အခါ Virtual Selling အတွက် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေလည်း ပေါ်ပေါက်လာတယ်။ Facebook ၊ Twitter ၊ Instagram ၊ YouTube တို့ ဒီလို Application အပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ မိမိတို့ရဲ့ လုပ်ငန်းလိုအပ် ချက်အားလုံးကို မြှင့်တင်ပေးနိုင်တဲ့ ပညာရှင်၊ ရာထူး တာဝန်မျိုးတွေ ပေါ်ပေါက်လာတယ်။ Customer Experience Manager လို ရာထူးမျိုးတွေကလည်း အွန်လိုင်းပေါ်မှာ ခေတ်စားလာတယ်။

 

Design လုပ်ငန်းတွေအတွက် Professionally ဆောင်ရွက်လုပ်ကိုင်နိုင်တဲ့ Creative Designer လို အလုပ် တာဝန်မျိုးတွေ ပေါ်ပေါက်လာပါတယ်။ Digital Content တွေကို ရွေးနိုင်တဲ့ Digital Writer လို၊ ယခင်က စာရေး ဆရာလို၊ ဇာတ်ညွှန်းရေးတဲ့သူလို သက်ဆိုင်ရာ ပညာရှင် အခန်းကဏ္ဍတွေ ရှိသော်ငြားလည်း ဒါတွေအားလုံးဟာ အခုအွန်လိုင်းပေါ်ကို ရောက်လာတာဖြစ်တဲ့အတွက် လက်ရှိ ရှိနေတဲ့ ပကတိအခြေအနေအပေါ်မှာ အခြေခံပြီး ဒစ်ဂျစ်တယ်ခေတ်ကို ပြောင်းနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီးပေါ်ပေါက်လာပါတယ်။

 

နိဂုံးချုပ်ရရင် Marketing, Management , IT, Sale, Customer Service, Training စသဖြင့် ဒါမျိုးတွေ လုပ်ကြရတဲ့ ပညာရှင်တွေအနေနဲ့ အွန်လိုင်းအပေါ်မှာ Work From Home လုပ်ကြရတဲ့အခါ ပိုပြီးကောင်းမွန်တဲ့ Professional Life ကို ရရှိဖို့အတွက် ဆောင်ရွက် လုပ်ကိုင်ကြပါတယ်။ ကိစ္စတော်တော်များများက Public Sector ရော၊ Private Sector ကရော အွန်လိုင်းကနေ လုပ်ကြရတာဖြစ်တဲ့အတွက် အွန်လိုင်းကနေအခြေပြုပြီး လုပ်ကြရတဲ့ လုပ်ငန်း၊ အခွင့်အလမ်းတွေကလည်း အများ ကြီး တိုးတက်လာတယ်လို့ ပြောချင်ပါတယ်။

 

အစီအစဉ်မှူး ။ ။ ကိုဗစ် - ၁၉ ကာလအတွင်းမှာ ပြောင်းလဲလာတဲ့အခြေအနေတွေအရ စီးပွားရေးလုပ်ငန်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း တွေအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေအပေါ်မှာ အခြေခံပြီး အွန်လိုင်းကနေ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာလာကြပါတယ်။ ခန့်အပ်တာမျိုးတွေလည်း ရှိကြတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အလားအလာတွေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေကိုလည်း ဆရာမက ရှင်းပြပေးပါဦး။

 

ဒေါ်ရွှေရည်ဝင်းလဲ့ ။ ။ တကယ်တော့ နိုင်ငံတကာမှာ Digital Transformation ရယ်လို့ ခေါင်းစဉ်တပ်ပြီး လုပ်နေကြတာတွေက ရှိနေခဲ့ ပါတယ်။ အခုကပ်ရောဂါဖြစ်လာတဲ့ အခြေအနေမှာ Digital Transformation မလုပ်သေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေ၊ ဒီလုပ်ငန်းတွေက ဝန်ထမ်းတွေ အားလုံးကပါ အလိုအလျောက် Digital Transformation ကို မဖြစ်မနေ ပါဝင်လာကြရပါတယ်။ အဲဒီအခါမှာ အလုပ်အကိုင် အခွင့်အလမ်းတွေက ပြောင်းလဲသွားပါတယ်။

 

ဒစ်ဂျစ်တယ်နည်းပညာ၊ အိုင်တီနည်းပညာကို အသုံးပြုပြီး အိုင်တီပညာရှင်ဖြစ်စေ၊ အခြားဝန်ထမ်းဖြစ်စေ အလုပ်လုပ်ဖို့အတွက်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပြောင်းလဲသွားပါတယ်။ အိုင်တီပညာနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အလိုအလျောက် မြှင့်တင်အောင် တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။

 

ကိုဗစ်ကာလသည် ဘယ်တော့ပြီးမယ်ဆိုတာ အတိ အကျမပြောနိုင်သေးတဲ့ အခြေအနေတစ်ခုဖြစ်နေဆဲမှာ New Normal လို့ခေါ်ကြတဲ့ ကိုဗစ်အလွန်ကာလမှာ ဖြစ်လာမယ့်အခြေအနေကို စဉ်းစားမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း အွန်လိုင်းပေါ်မှာ အခြေခံပြီး လုပ်ရတဲ့အလုပ်တွေနဲ့ လုပ်ငန်းအမျိုးအစားတွေကလည်း အများကြီးပေါ်လာမယ်။ အရာရာဟာ အွန်လိုင်းကနေလုပ်ဖို့ကို ပိုပြီးအားသာလာမယ်၊ ဇောင်းပေးလာမယ် ဆိုတာမျိုးကို မျှော်လင့်လို့ရပါတယ်။

 

ကျွန်မအနေနဲ့ အခန်းကဏ္ဍခွဲပြီး ပြောချင်တာက အလုပ်ရှင်ရှိမယ်၊ အလုပ်သမားရှိမယ်၊ နိုင်ငံတော်အစိုးရရှိမယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ Labour Registration Card အလုပ်သမားကတ် အခြေအနေကစပြီး ခုနကပြောတဲ့ Skillset ကျွမ်းကျင်မှုတွေကို ဘယ်လိုဝန်ထမ်းတွေက ဘယ်အရည်အချင်းတွေရှိပါတယ်ဆိုတာ Occupation Classification System လို့ အခြားနိုင်ငံတွေမှာခေါ်တဲ့ စနစ်လိုမျိုးသာရှိခဲ့တယ်ဆိုရင် လွယ်လင့်တကူ Online Job Matching တွေ ပိုလုပ်ပေးနိုင်လာမယ်လို့ မျှော်လင့် ပါတယ်။

 

တကယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒီလိုမျိုး ဝန်ထမ်းတွေမှာ ရှိတဲ့ အရည်အချင်းနဲ့ ဒီဘက်ကလိုအပ်နေတဲ့ ရာထူးနဲ့ အရည်အချင်းကိုသာ ချိတ်ဆက်ပေးနိုင်တဲ့ အွန်လိုင်းစနစ် သာရှိမယ်ဆိုရင် ကျွန်မတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍက ရှေ့ကိုပိုပြီးဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူဆပါတယ်။

 

လောလောဆယ်မှာ ကျွန်မတို့နိုင်ငံရဲ့ National Skill Standard Authority (NSSA) ခေါ်တဲ့ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ဆိုတာ ရှိပြီးသားပါ။ National Skill Standard Authority (NSSA) မှာ ရှိပြီးသား ရာထူးတွေ၊ ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေကို ဒါထက်ပိုပြီး ရာထူးအစုံ၊ အဆင့်စုံအတွက် ပြည့်ပြည့်ဝဝ စုံစုံလင်လင်နဲ့ အွန်လိုင်းစနစ်နဲ့လုပ်မယ်၊ ခုနပြောသလို Occupation Classification System တွေကိုလည်း ထပ်ပြီးပံ့ပိုးနိုင်မယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ Labour Registration လုပ်တဲ့အချိန်ကနေစပြီး သူတို့မှာရှိတဲ့ ကျွမ်းကျင်မှုနဲ့ လိုက်လျောညီထွေရှိတဲ့ အလုပ်တွေအတွက် အွန်လိုင်းမှာ Job Matching လုပ်ကိုင်လာမှာ ဖြစ်ပါတယ်။

 

ဒီလိုလုပ်နိုင်လာပြီဆိုရင် အခွင့်အလမ်းတွေသည် လုပ်ငန်းတွေအတွက်ရော၊ ဝန်ထမ်းတွေအတွက်ရော၊ နိုင်ငံအတွက်ပါ အတော်ကောင်းမယ့် အလားအလာလို့ ကျွန်မမျှော်လင့်မိပါတယ်။ စီမံခန့်ခွဲမှုပုံစံတွေ၊ ဖွံ့ဖြိုး တိုးတက်မှုပုံစံတွေကလည်း တိုးတက်ရွေ့လျားလာတာနဲ့အညီ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုနဲ့စနစ်တွေ ပိုမိုကောင်းမွန်အောင် Online Job Matching System တွေ လုပ်နိုင်ရင် အဆင်ပြေပါတယ်။ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့စွမ်းရည် တွေကို မြင့်မားအောင် သူတို့နဲ့သက်ဆိုင်တဲ့အရာတွေကို အွန်လိုင်းကနေ သင်ယူနေမယ်၊ လေ့လာနေကြမယ်ဆိုရင် စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုတွေက ပြည့်ဝလာမယ်။

 

ဒီလို အဆင့်မြင့်တိုးတက်လာတာနဲ့အမျှ လုပ်ငန်းတွေ ဘက်ကလည်း အလုပ်ခေါ်တဲ့အခါ ရှိရမယ့် ကျွမ်းကျင်မှု တွေနဲ့ လိုအပ်ချက်တွေကို ထပ်မံမြှင့်တင်ပြီး ခေါ်ယူလာမယ်။ သင့်တော်တဲ့ ရာထူးအသစ်တွေ၊ အိမ်ကနေ အလုပ် လုပ်လို့ရတာဖြစ်စေ၊ မည်သည့်နေရာကမဆို အလုပ်လုပ်လို့ရတဲ့ပုံစံမျိုးနဲ့ အလုပ်ပုံစံတွေကလည်း ထပ်ပြီးဖွံ့ဖြိုး တိုးတက်လာမယ်။ Private Sector ရော၊ Public Sector ကပါ အားလုံးဝိုင်းပြီး အကောင်းဆုံးဖြစ်တဲ့ စနစ်တွေ၊ အက်ပလီကေးရှင်းတွေ၊ Online Job Matching တွေနဲ့ စံသတ်မှတ်ပြဋ္ဌာန်းပြီး ရှေ့ကိုဆက်သွားဖို့ လုပ်နိုင်မယ် ဆိုရင် အကောင်းဆုံးဖြစ်လာမှာပါ။

 

နိုင်ငံခြားကုမ္ပဏီအများစုက သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ သူတို့လိုအပ်တဲ့ ရာထူးတွေအတွက် လိုအပ်တဲ့ အရည်အချင်းတွေနဲ့သင့်တော်တဲ့ အလုပ်အကိုင်တွေကို ကြော်ငြာတယ်ဆိုရင် ဒီရာထူးအတွက် လိုအပ်တဲ့ အရည် အချင်းတွေကို လေ့လာနိုင်တယ် ။ အလုပ်လျှောက်လွှာကို လည်း အွန်လိုင်းကနေ တစ်ခါတည်း တင်နိုင်တယ်၊ အွန်လိုင်းမှာ ဖောင်ဖြည့်လိုက်ပြီးရင် လိုအပ်တဲ့ Criteria အတိုင်း အရည်အချင်းတွေကို ဖြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီဘက်မှာ တစ်ခါတည်း အွန်လိုင်းစနစ်နဲ့ ရွေးချယ်လိုက်မယ်၊ ရွေးထုတ်လိုက်မယ်၊ ပြီးရင် အလုပ်အတွက် အင်တာဗျူးကိုလည်း အွန်လိုင်းကနေ လုပ်ပါတယ်။

 

နိုင်ငံတကာလုပ်ငန်းတွေက ဘာလုပ်လာသလဲဆိုရင် သူတို့လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ အလုပ်လျှောက်တဲ့သူ တွေအနေနဲ့ ကုမ္ပဏီအကြောင်းကို လေ့လာနိုင်သလို ကုမ္ပဏီဘက်ကလည်း ဒီဝန်ထမ်းရဲ့ ဉာဏ်ရည်ဉာဏ်သွေး တွေကို အကြမ်းဖျင်းလေ့လာလို့ရအောင်ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဂိမ်းတွေဖန်တီးပြီး သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ထားကြတယ်။

 

ဒီတော့ အလုပ်လျှောက်သူအနေနဲ့ သူလျှောက်ချင်တဲ့ အလုပ်အတွက် ဝင်လေ့လာလိုက်တယ်ဆိုရင် ဒီဂိမ်းကို ကစားရင်းနဲ့ ကုမ္ပဏီအကြောင်းကို သူလေ့လာသိရှိသွားမယ်။ ဒီဂိမ်းကိုကစားလိုက်တဲ့အပေါ်မှာ အရည်အချင်းအရ အကြမ်းဖျင်းအားဖြင့် သူဟာ ဘယ်လောက်များ အရှေ့က ပေးထားတဲ့အချက်အလက်တွေကို မှတ်သားသွားသလဲ ဆိုတာ Job Interview လိုမျိုး Occupational Test လုပ်ထားတာမျိုးတွေလည်း ရှိလာပါတယ်။

 

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့အတွက် Job Portal တွေရှိပါတယ်။ ဒီ Job Portal ကို ဖန်တီးတဲ့ ကုမ္ပဏီတွေဟာဆိုရင် ကုမ္ပဏီပေါင်းမြောက်မြားစွာရဲ့ လစ်လပ်ရာထူးတွေ၊ လိုအပ်တဲ့ အရည်အချင်းတွေ၊ အရင် တည်ဆောက်ထားပြီးသား CV ပုံစံကို သူတို့ရဲ့ အွန်လိုင်း Job Portal မှာဝင်ပြီး အလုပ်လျှောက်လို့ရအောင် လုပ်ထားပါတယ်။ ပြီးရင် Online Job Matching တွေ လုပ်ပြီးမှသာ ဒီ Job Portal က စစ်ထုတ်ပေးလိုက်တဲ့ အရည်အချင်းပြည့်တဲ့ အလုပ်လျှောက်လွှာရှင်တွေကို ကုမ္ပဏီဆီကို ပို့ပေးတဲ့စနစ်နဲ့ သွားပါတယ်။

 

အခြားအလုပ်ရှာဖွေရေး အေဂျင်စီတွေကလည်း Job Portal တွေကို ဖန်တီးကြတယ်။ နိုင်ငံတော်အစိုးရဘက်က လည်း မြန်မာနိုင်ငံမှာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ် အကုန်လုံးရဲ့ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အလုပ်အကိုင်ရှာဖွေရေး၊ အလုပ်အကိုင်ရရှိရေးအတွက်ကို Occupation Classifi-cation System မျိုးတွေ၊ နောက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ရှိနေတဲ့ National Skill Standard Authority - NSSA တွေကနေ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ထပ်ပြီး ရာထူးအဆင့်မျိုးစုံအတွက်ကို လိုအပ်တဲ့အရည် အချင်းတွေသတ်မှတ်ပြီး အလုပ်အကိုင်တွေ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်တဲ့ စနစ်မျိုးတွေရှိမယ်ဆိုရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက် လာမယ်။ နောက်ပြီး အလုပ်လက်မဲ့ ရာခိုင်နှုန်းလည်း လျော့နည်းလာမယ်လို့ မျှော်လင့်ရပါတယ်။

 

ဒါတွေကို ပုဂ္ဂလိကအခန်းကဏ္ဍကရော၊ နိုင်ငံတော် အစိုးရ အခန်းကဏ္ဍကရော၊ ဝန်ထမ်းတွေ၊ ပြည်သူလူထုတွေ ကိုယ်တိုင်က ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ အရည်အချင်း တွေကို မြှင့်တင်နိုင်ဖို့ ဝိုင်းပြီးဆောင်ရွက်ကြမယ်ဆိုရင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ ကိုယ့်ရဲ့အဖွဲ့အစည်း တစ်ခုချင်းသာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူ့စွမ်းအား အရင်းအမြစ်က ဖွံ့ဖြိုးတိုးတက်လာပြီး စီမံခန့်ခွဲမှုတွေကလည်း ပိုမိုချောမွေ့လွယ်ကူမြန်ဆန်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်။