နေပြည်တော် ၃ အောက်တိုဘာ  

 

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့်  ဒစ်ဂျစ် တယ်မီဒီယာရေစီးနှင့် အခွင့်အလမ်းများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ (Digital Media Trends and Opportunities Webinar) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး  ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါဝင်စားသူများက သက်ဆိုင်ရာနေရာအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခင်လပိုင်းက ဖွဲ့စည်းခဲ့သည့် ဖြစ်မြောက်ရေးကော်မတီ၏ လှုပ်ရှားမှုတစ်ရပ်အဖြစ် ယနေ့ဆွေးနွေးပွဲကို ကျင်းပသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ကော်မတီမှ ဦးဆောင်ပုဂ္ဂိုလ်များ၏  တက်ကြွ လှုပ်ရှားမှုအတွက်လည်း ကြိုဆိုကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဟောပြောဆွေးနွေးပေးကြမည့် ပုဂ္ဂိုလ်များ၏ အားထုတ်မှုနှင့် ၎င်းတို့၏ အသိပညာမျှဝေပေးလိုသည့် စေတနာအတွက် ကျေးဇူးတင်ရှိကြောင်း။

 

ယခုအစီအစဉ်ကို အကြောင်းပြု၍ ဒစ်ဂျစ်တယ်မီဒီယာအသုံးပြုနေသည့် အသင်းဖြစ်မြောက်ရေးတွင် မပါဝင်သေးသော ကျွမ်းကျင်တတ်မြောက်သည့် အခြားပညာရှင်များကလည်း အသင်းကြီး၏ ရည်ရွယ်ချက်၊ စေတနာကို သိမြင်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သဘောပေါက်ကာ အသင်းကြီးတွင် ပါဝင်လိုစိတ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့အတူ  ယခုပြုလုပ်သော  အသိပညာဖြန့်ဝေသည့် အစီအစဉ်ကို နှစ်သက်သဘောကျပြီး လေ့လာဆည်းပူးလိုသည့် ဒစ်ဂျစ်တယ် မီဒီယာစိတ်ဝင်စားသူများအနေဖြင့်လည်း အသင်းကြီးအပေါ် လေးစားမှုနှင့်အတူ အသင်းသို့ ဝင်ရောက်လိုစိတ်ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့်   ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ကြီးမားသည့် ဖြစ်ရပ်ကြီးနှစ်ခုနှင့်  ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ယင်းတို့မှာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် မတ်လဝန်းကျင်ကတည်းက ဖြစ်ပွားလာခဲ့သည့် COVID – 19 ရောဂါသည် မိမိတို့အပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ရှိခဲ့ပါကြောင်း၊ ယင်းဖြစ်ရပ်ကြီးနှစ်ခုကို တစ်ပြိုင်တည်း ဖြတ်သန်းနေရသည့်အချိန်တွင် ဒစ်ဂျစ်တယ်မီဒီယာ၏ လုပ်ငန်းအနေအထားသည် ပို၍အရေးပါသည့်နေရာသို့ ရောက်ရှိလာသည်ကို မိမိတို့အားလုံး တွေ့ မြင်နေရပါကြောင်း။

 

မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများက  အစည်းအဝေးများကို အကြိမ်ကြိမ်ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ဒစ်ဂျစ်တယ်မီဒီယာထုတ်လုပ်မည့်သူများနှင့် အသုံးပြုသူများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ အသင်းတစ်သင်း ဖွဲ့စည်းရန် လိုအပ်လာသည် ကို မိမိတို့အနေဖြင့် တွေ့ရှိရပါကြောင်း၊ ယင်းမှတစ်ဆင့် ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းများ တစ်စုတစ်စည်းတည်းပါဝင်သည့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖွဲ့စည်းရန် သဘောတူညီချက် ရရှိခဲ့ပါကြောင်း၊ အစည်းအဝေးတက်ရောက်သူများ၏ သဘောတူညီချက်အရ မြန်မာနိုင်ငံဒစ်ဂျစ် တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ  ၁ ရက်တွင် ဖွဲ့စည်း ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်ပေါ်လာပါက ယနေ့ကျင်းပသည့် Webinar များ၊ အခြားသောအကျိုးရှိသည့်လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သည့် ပုဂ္ဂိုလ်များ ပါဝင်ရန် လိုအပ်သည်ဆိုသည့်ကိစ္စများကို အဓိပ္ပါယ်ဖွင့်ဆိုပြီး ဖိတ်ခေါ်သွားရန်ရှိပါကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာအသင်းကို ကျယ်ပြန့်စွာဖွဲ့စည်းရန် လိုအပ်မည်ဟု ယုံကြည်လက်ခံထားပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကိုကို (ကိုကို - စက်မှုတက္ကသိုလ်) က နေအိမ်မှ အလုပ်လုပ်သူများအတွက် ဒစ်ဂျစ်တယ်မီဒီယာအညွှန်း  (Digital Media Guide to Work - From – Home ) ခေါင်းစဉ်ဖြင့်  ဆွေးနွေးရာတွင်  အိမ်ကနေ အလုပ်လုပ်ရာမှာ အိမ်ကိုလုပ်ငန်းခွင်လို သဘောထားအလုပ်လုပ်ကြရမည်ဖြစ်ကြောင်း၊  အရေးကြီးသည့်အချက်မှာ  သက်သောင့်သက်သာရှိမှု နှင့် ပရော်ဖက်ရှင်နယ်ဖြစ်မှုတို့ကို မျှတအောင်လုပ်ရန် လိုကြောင်း၊    မိမိကိုယ် မိမိစီမံခန့်ခွဲနိုင်သည့် အချိန်စီမံခန့်ခွဲခြင်းဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းတွေကို စနစ်တကျသုံးတတ်ရန်၊ သတင်းသမားများအတွက် မရှိမဖြစ်လိုအပ်သည့်  အသံပိုင်းနှင့်အရုပ်ပိုင်းဆိုင်ရာ ပစ္စည်း များနှင့် အက်ပလီ ကေးရှင်းများကို ရှာဖွေသုံးစွဲတတ်ရန် လိုအပ်ကြောင်း၊ ကင်မရာအနေအထား၊ အသံအရည်အသွေးနှင့် အလင်းရောင် မှန်ကန်အောင် နေအိမ်တွင် ဘယ်လိုရွေးချယ်မည်၊ အသံနှင့် ဗွီဒီယိုအတွက် အက်ပလီကေးရှင်းများအကြောင်း၊ အင်တာဗျူးနှင့် ဆွေးနွေးခန်းများ ဘယ်လိုရိုက် ကူးမည်၊  အွန်လိုင်းဆွေးနွေးခန်းများ လုပ်သည့်အခါ လိုက်နာသင့်သော ကျင့်ဝတ်ထုံးတမ်းများအကြောင်း စသည်တို့ကို ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်က  ဒစ်ဂျစ်တယ် မီဒီယာ၏ ဝင်ငွေရလမ်းများနှင့် စိန်ခေါ်မှုများ (Digital Media Monetisation Opportunities & Challenges) ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်သုံးစွဲသူ၊ အင်တာနက် သုံးစွဲသူ၊ ဆိုရှယ်မီဒီယာအသုံးပြုသူ၊ ရုပ်သံကြည့်ရှုနေကြသူများ လူဦးရေအချိုးအစားအလိုက် မည်မျှ ပါဝင်နေသည်၊ မည်သည့်ပုံစံသို့ ပြောင်းလဲလာနေသည်တို့ကို ကိန်းဂဏန်းအချက်အလက်များဖြင့် ကိုးကားရှင်းလင်းပြီး  ဒစ်ဂျစ်တယ်မီဒီယာတွင် အကြောင်းအရာနှင့် ဖြန့်ချိမှုတို့၏ အရေးပါမှု၊ အရည်အသွေးရှိသော အကြောင်းအရာများနှင့် ထိရောက်သော ဖြန့်ချိမှုတို့၏ ပုံစံများကို နိုင်ငံတကာ အခြေအနေများနှင့် ဆက်စပ်ပြီးလည်းကောင်း၊ လစဉ်ကြေးပေးကြည့်ရှုသည့်ပုံစံများ၊ ဒစ်ဂျစ်တယ် မီဒီယာကြော်ငြာများနှင့် အီလက်ထရောနစ်ကုန်သွယ်မှုတို့ ဆက်စပ်ဆောင်ရွက်ရသည့် အတွေ့ အကြုံများကို လည်းကောင်း၊ ဒစ်ဂျစ်တယ်မီဒီယာများအနေဖြင့် ဝင်ငွေရလမ်းများ မည်ကဲ့သို့ ရှာဖွေမည်၊ ဖေ့စ်ဘွတ်နှင့် ယူကျုတို့မှ ဝင်ငွေရှာသည့် အခက်အခဲများနှင့် ဖြစ်မြောက်ရေးကော်မတီမှ နည်းလမ်းရှာနေမှုများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။ 

 

ထို့နောက်  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အွန်လိုင်းမှ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးသောင်းစုငြိမ်း၊   ဦးမင်းဆွေလှိုင်နှင့်  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဉီးအေးကြွယ်တို့က ပြန်လည် ဖြေကြားခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်း (ငွေသော်တာ) က ကျေးဇူးတင် စကားပြောကြားပြီး  အွန်လိုင်းဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။  

 

သတင်းစဉ်