နေပြည်တော်၊ ၁၉ ဒီဇင်ဘာ
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် “ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းများ၏ အရွေ့” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
အွန်လိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှုတက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်း နှင့် ကော်မတီဝင်များ၊ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာ၌ ကိုဗစ်ကြောင့် ထိခိုက်သည့် လုပ်ငန်းများတွင် ရုပ်ရှင်လုပ်ငန်းများလည်း ပါဝင်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းဟု ပြောဆိုကြလျှင် ရုပ်ရှင်ရိုက်ကူးရေးမှ ပြသသည်အထိ၊ ဖန်တီး ထုတ်လုပ်သူမှ စားသုံးသူအထိ အဆင့်ဆင့် ထိခိုက်မှုရှိပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းများ၏ ပြောင်းလဲသွားမည့်၊ ရွေ့လျားသွားမည့်အခြေအနေနှင့် စပ်လျဉ်း၍ ယနေ့ ဆွေးနွေး ကြ မည်ဖြစ်ပါကြောင်း။
ရုပ်ရှင်လုပ်ငန်းများသည် အပြောင်းအလဲဖြစ်ပေါ်လျက်ရှိပြီး နည်းပညာကြောင့် ပြောင်းလဲမှုသည် မြန်ဆန်လျက် ရှိပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာအပြောင်းအလဲ ကြောင့် ပြောင်းလဲမှုသည် ကဏ္ဍပေါင်းစုံတွင် တည်ရှိသော်လည်း မီဒီယာကဏ္ဍတွင် ပြောင်းလဲမှု ပိုမိုဖြစ်ပေါ်ခဲ့ပါကြောင်း။
အပြောင်းအလဲနှင့် တွေ့ကြုံရာတွင် အဓိက အပြောင်းအလဲ နှစ်ခုနှင့် ရင်ဆိုင်နေရ ပါကြောင်း၊ နည်းပညာအပြောင်းအလဲနှင့် ကိုဗစ်ကပ်ရောဂါကြောင့် ပြောင်းလဲရသည့် အပြောင်းအလဲတို့ ဖြစ်ပါကြောင်း၊ အပြောင်းအလဲဆောင်ရွက်ကြရာတွင် စိန်ခေါ်မှု၊ အခက်အခဲများ တွေ့ကြုံနိုင်သည် မှန်သော်လည်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင် သည်များလည်း ရှိပါကြောင်း။
ရုပ်ရှင်လုပ်ငန်းများ၏ အနာဂတ် မည်သည့်လမ်းကြောင်းကို သွားမည်ဆိုသည်ကို မေးမြန်းလျှင် ဒစ်ဂျစ်တယ်လမ်းကြောင်းကို သွားရမည်ဆိုသည့် အဖြေဖြစ်နေမည် ဖြစ်ပါကြောင်း၊ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသည့် အကန့်အသတ်ကြားမှ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရုပ်ရှင် ဇာတ်ညွှန်းရေးသားသည့် နေရာမှစ၍ ရုပ်ရှင်ပြသသည်အထိ စဉ်းစားကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ရုပ်ရှင်လုပ်ငန်းများသည် ကိုဗစ်ကြောင့် ဒစ်ဂျစ်တယ် စနစ်အဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမည်ဟု မြင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က အမှာစကား ပြောကြားပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(ရန်ကုန်) အဖွဲ့ဝင် ဒေါ်ဆွေဇင် ထိုက်က “ DTT ပုံစံမှ OTT ပုံစံသို့ ပြောင်းလဲခြင်းနောက်တွင်” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးသည်။
ထို့နောက် “ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းများ၏ အရွေ့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဆွေးနွေးပွဲ ဦးဆောင်ဆွေးနွေး သူအဖြစ် မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ အတွင်းရေး မှူး ဦးမင်းဆွေလှိုင်က ဆောင်ရွက်၍ အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာကိုပေါက်(ဦးအောင်မင်းနိုင်)၊ Red Radiance ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမင်းနှင့် ABC Content solutions မှ စီအီးအို ဦးဝင်းခိုင်တို့က မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အွန်လိုင်းပလက်ဖောင်းများ အကျိုးရှိရှိ အသုံးပြု နိုင်ရေးအမြင်များကို ဆွေးနွေးဖလှယ်ကြသည်။
အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်က ကိုဗစ်-၁၉ ကာလအတွင်း ပရိသတ်နှင့် ထိတွေ့မှုရရှိနိုင်ရန် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုခဲ့သည့် အတွေ့အကြုံများ၊ သမားရိုးကျ ပလက်ဖောင်းများနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ အတွက် content များကို ထုတ်လုပ်ရာတွင် မတူခြားနားမှုရှိသည့် သဘောသဘာဝအရ ဒစ်ဂျစ်တယ်အတွက်စဉ်းစား၍ ထုတ်လုပ်သင့်သည်များကို အကြံပြုဆွေးနွေးသည်။
သရုပ်ဆောင်နှင့် ဒါရိုက်တာကိုပေါက်က ရုပ်ရှင်ရိုက်ကူးရေးအတွက် ကိုဗစ်ကာလ တွင် အခက်အခဲများရှိနေသည့်အချိန်၌ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ဖြစ်သည့် ဖေ့စ်ဘုတ်ခ်နှင့် တစ်ခ်တော့ပ်တို့တွင် စမ်းသပ်၍ content များ ဖန်တီးခဲ့ရာမှ အောင်မြင်မှုရရှိခဲ့သည့် အခြေအနေများ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများသုံး၍ ဖန်တီးထုတ် လုပ်နိုင်သည့် အခွင့်အလမ်းများကို အတွေ့အကြုံများအပေါ် အခြေခံ၍ ဆွေးနွေးသည်။
Red Radiance ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမင်းက ဒစ်ဂျစ်တယ်ပလက် ဖောင်းများတွင် ဖန်တီးထုတ်လုပ်ရာ၌ အချက်အလက်လုံခြုံမှုအရေးကြီးပုံ၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံများ တိုးတက်ပြောင်းလဲလာပုံနှင့် ဒစ်ဂျစ်တယ် နည်းပညာ အသိပညာပေးခြင်း၊ လေ့လာသင်ယူခြင်းတို့ တွန်းအားပေးဆောင်ရွက်သင့်ပုံများကို ဆွေးနွေးသည်။
ABC Content solutions မှ စီအီးအို ဦးဝင်းခိုင်က အွန်လိုင်းတွင် streaming ဖြင့် ရုပ်ရှင်များပြသခဲ့မှုနှင့် လက်ရှိပြသနေရာတွင်ကြုံတွေ့ရသည့် အားသာချက်၊ အားနည်း ချက်များ၊ အစီအစဉ်များနှင့် ဇာတ်ကားများ ခိုးကူးနေမှုများအား အရေးယူ ဆောင်ရွက် သင့်သည်များကို ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများ၏ မေးခွန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ် မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌဦးကိုကို(စက်မှုတက္ကသိုလ်) တို့က ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်