ရန်ကုန် မေ ၂၉
မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ မဟာဗုဒ္ဓဝင်ဒေသနာတော် နောက်ဆုံးဆင့်ဖြေဆိုပူဇော်ပွဲနှင့် ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် ၁ မြို့ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်တို့ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့(ဗဟို)နာယကနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နမောတဿ ဗုဒ္ဓပဏာမဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခုက သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲဆိုင်ရာ ၁ဝ သိန်း နှင့်အထက် မတည်အလှူရှင်များ၊ (ဗဟို)အဖွဲ့ ဂုဏ်ထူးဆောင်ဆရာတော်များက ကုသိုလ်ရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)အဖွဲ့ရုံး ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဦးစီး ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ကျပ်သိန်း ၁၀၀ နှင့် ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲအတွက် ကျပ်သိန်း ၅၀ တို့ကို ပေးအပ်လှူဒါန်းရာ မြန်မာ နိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာဆွေတင်နှင့် အဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ဆရာတော်ကြီး ကိုယ်စား သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) နယက ဦးစိန်မော်က လက်ခံရယူသည်။
ဆက်လက်၍အလှူအတွက် သိန်း ၅၀ နှင့်အထက် မတည်အလှူရှင်များကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အဖွဲ့ဝင်ဆရာတော်များနှင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲဥက္ကဋ္ဌ ဆရာတော်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာ ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲတွင် ဗုဒ္ဓဝံသဒီပလိုမာအောင် လက်မှတ်ရရှိကြသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်နှင့် ဂုဏ်ထူးဆောင်ဆရာတော်များက ပေးအပ်ချီးမြှင့်ကြသည်။
ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ မဟာဗုဒ္ဓဝင်ဒေသနာတော် နောက်ဆုံးဆင့်ကို မေ၂၈ရက် ညနေပိုင်းကဖြေဆိုခဲ့ကြရာ မအိကြာဖြူက ရမှတ် ၁၂၉ ဒသမ ၄ မှတ်ဖြင့် ပထမ၊ မောင်ကောင်းလျှံက ရမှတ် ၁၂၈ ဒသမ ၈ မှတ်ဖြင့် ဒုတိယ၊ မသဇင်ထွန်းက ရမှတ် ၁၂၈ ဒသမ ၂ မှတ်ဖြင့် တတိယ၊ မမှူးကြယ်စင်က ရမှတ် ၁၂၈ မှတ်ဖြင့် စတုတ္ထ၊ မနှင်းထက်ထက်အေးက ရမှတ် ၁၂၃ ဒသမ ၆မှတ်ဖြင့် ပဉ္စမ၊ မောင်သစ်လွင်ထူးက ရမှတ် ၁၁၆ မှတ်ဖြင့် ဆဋ္ဌမရရှိခဲ့ကြသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ပထမဆုရခဲ့သည့် မအိကြာဖြူက မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို)ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ (Play & Stay ဆုငွေကျပ်သိန်း ၁၂၀ အစီအစဉ် ဆက်လက်ဖြေဆိုမှုကို ကြည်ရှုအားပေးပြီး ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆို ပူဇော်ပွဲဆုချီးမြှင့်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ကိုကိုဇော်-MNA