ဒေးဒရဲ ၁၆ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်(ဒေးဒရဲ)ကို တိုင်းဒေသကြီးအတွင်း (၁၁)ကြိမ်မြောက်အဖြစ် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အ.ထ.က(၁) ကျောင်းတွင် ယနေ့နံနက်၌ စတင်ဖွင့်လှစ်ကျင်းပရာ ပွဲတော်တွင် ဖွင့်လှစ်ပြသထားရှိသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၌ လေ့လာကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
“ သားတို့ ဧရာဝတီတိုင်းအတွင်းက ထင်ရှားကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကို အခုလို ပြခန်းဖွင့်လှစ် ပြသထားတဲ့အတွက် ဧရာဝတီတိုင်းသား တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်၊ နောက်တစ်ခုက သူတို့ကို အတုယူအားကျမိပြီး သူတို့လိုဖြစ်အောင် ကြိုးစားချင်စိတ်တွေလည်း ဖြစ်ပေါ်လာပါတယ်” ဟု ပြခန်းသို ့လာရောက်လေ့လာသူ ကျောင်းသားတစ်ဦးက ပြောသည်။
အဆိုပါပြခန်းတွင် နိုင်ငံရေးနယ်ပယ်၊ အနုပညာနယ်ပယ်များ၌ ဧရာဝတီတိုင်းအတွင်းမှ ထင်ရှားကျော်ကြားခဲ့ကြသော ပုဂ္ဂိုလ်များ၏ ဓာတ်ပုံများနှင့်တကွ ကိုယ်ရေးအကျဉ်းများအား ထည့်သွင်း ပြသထားသည်။
မိုးစက်(ပြန်/ဆက်)