ဒေးဒရဲ အောက်တိုဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိလိုက်နာနိုင်စေရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ စျေးများတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားနှုန်းသည် ပိုမိုများပြားလာလျက်ရှိရာ ပြည်သူတစ်ရပ်လုံး ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ ချောင်းဆိုးနှာချေလျင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက် များကို ဖွင့်ထားကြရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာ ဆေးကြောရန်၊ တတ်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာ ခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက် ပြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် စသည့် အချက်များပါဝင်သည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)