ဒေးဒရဲ ၂၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (CRC) အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒေးဒရဲမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆွေဇင်ဦးက ကော်မတီအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကော်မတီဝင်များဖြစ်သည့် မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိနှင့် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


