ဒေးဒရဲ ၆ မေ
ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒေးဒရဲမြို့ပေါ်ရှိ အခြေခံ လူတန်းစားများ၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်အဆင့် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီက ချည်သားဖြင့် ချုပ်လုပ်ထားသော အဝတ် နှာခေါင်းစည်းများနှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုတွင် ဆန်(၇၇)အိတ်၊ ဆီ(၁၉၀)ပိဿာ၊ ပဲ(၂၃၈)ပြည်နှင့် အဝတ်နှာခေါင်းစည်း (၃၈၁)ခုတို့အား အနှေးယာဉ်လုပ်သား(၃၂၉)ဦး၊ ရေစည်လှည်းလုပ်သား(၃၉)ဦးနှင့် စည်ပင် သာယာရေးအဖွဲ့ နေ့စားဝန်ထမ်း(၁၃)ဦး ပေါင်း(၃၈၁)ဦးတို့အား တစ်ဦးလျှင် ချည်သားဖြင့် ချုပ်လုပ်ထားသော နှာခေါင်းစည်း (၁)ခု၊ ဆန်(၅)ပြည်၊ ပဲ(၅)ဘူးနှင့် ဆီ(၅၀)သားစီတို့အား အလှူရှင်များကိုယ်စား ကိုဗစ်-၁၉အထောက်အကူပြုမတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက လုပ်သားကြီးများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြပြီး နှာခေါင်းစည်းများအား တပ်ဆင်အသုံးပြုနည်း၊ စနစ်တကျ ပြန်လည်လျှော်ဖွတ်၍ အသုံးပြုနိုင်ကြစေရေး အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


