ဒေးဒရဲ ၁၃ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့သော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ (၅)မျိုးတို့ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကုန်းတန်း ကလေး၊ သဲကုန်း၊ တညင်ကုန်းနှင့် ချောင်းဖျားကျေးရွာများရှိ အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်မှုများကို ဒေးဒရဲမြို့နယ်အတွင်းရှိ ကုန်းတန်းကလေး၊ သဲကုန်း၊ တညင်ကုန်း၊ ချောင်းဖျား ကျေးရွာများရှိ စုစုပေါင်း အိမ်ထောင်စု (၅၇၈)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈) ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ စသည့် အခြေခံ စားသောက်ကုန် (၅)မျိုးစီတို့ကို အဆိုပါ ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၉၀)အုပ်စုရှိပြီး ဒေးဒရဲ တစ်မြို့နယ်လုံးတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၂၀၆၉၃)စုရှိပြီး အခြေခံစားသောက်ကုန် (၅)မျိုးတို့အား အဆိုပါ အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


