ဒေးဒရဲ  ၁၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံ စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီများကို ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများ၏ လက်ဝယ်အရောက် ယမန်နေ့က ဖြန့်ဝေပြီးစီးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် ဌာနဆိုင်ရာများ၊ ကိုဗစ်−၁၉ မြို့နယ်အဆင့် အထောက်အကူပြု အဖွဲ့များ၊  ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်း အဖွဲ့များက ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၀)ရှိ အိမ်ထောင်စုပေါင်း ၂၀၆၉၃ စုတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။

 

"ဒေးဒရဲမြို့နယ်အနေဖြင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေခြင်းကို ဧပြီလ ၁၁ ရက်တွင် တော်ကျိုက်ကျေးရွာရှိ အိမ်ထောင်စု ၁၁၇ အုပ်စု၊ ၁၂ ရက်နေ့တွင် ကျေးရွာအုပ်စု ၄ အုပ်စုမှ အိမ်ထောင်စု ၅၇၈ အုပ်စု၊ ၁၃ ရက်နေ့တွင် ကျေးရွာအုပ်စု ၂၀ အုပ်စုမှ အိမ်ထောင်စု ၄၆၀၅ အုပ်စု၊ ၁၄ ရက်နေ့တွင် ကျေးရွာအုပ်စု ၂၉ အုပ်စုမှ အိမ်ထောင်စု ၅၂၅၂ စု၊ ၁၅ ရက်နေ့တွင် ကျေးရွာအုပ်စု ၂၁ အုပ်စုမှ ၄၉၄၄ စု၊ ၁၆ ရက်နေ့တွင် ကျေးရွာအုပ်စု ၁၈ အုပ်စုမှ ၅၁၉၇စု၊ တစ်မြို့နယ်လုံးရှိ အိမ်ထောင်စုပေါင်း ၂၀၆၉၃ စုတို့ အတွက် ဆန် ၆၈၉၈ အိတ်၊ ဆီ ၁၀၃၄၇ ပိဿာ၊ ဆား ၁၀၃၄၇ ပိဿာ၊ ပဲ ၂၀၆၉၃ ပိဿာနှင့် ကြက်သွန်နီ ၂၀၆၉၃ ပိဿာတို့အား ဒေးဒရဲမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ဧပြီလ ၁၆ ရက်နေ့အပြီး ထောက်ပံ့ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း" မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၏ ပြောကြားချက်အရ သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)