ဒေးဒရဲ ၂၃ မတ်
COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဓနှုံးကုန်း၊ မရမ်းဝ၊ လေးအိမ်တန်း ကျေးရွာအုပ်စုများအတွင်း ကျေးရွာခွဲများရှိ ချောင်းရိုးများတစ်လျှောက် ပဲ့ထောင်များဖြင့် လှည့်လည်ပြီး COVID-19 ရောဂါနှင့် ပတ်သက်၍ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအား အသံချဲ့စက်များဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်လျက်ရှိပြီး ရောဂါကူးစက်မခံရစေရေး လူထူထပ်သောနေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ မလွှဲမရှောင်သာ သွားလာရမည်ဆိုပါက တစ်ခါသုံး နှာခေါင်းစည်း(mask) များ အသုံးပြုကြရန်၊ စနစ်တကျ လက်ဆေးကြရန်တို့ကို လိုက်လံနှိုးဆော်ခဲ့သည်။
ထို့ပြင် မိမိပတ်ဝန်းကျင်၌ သံသယလူနာများနှင့် ပြည်ပမှ ပြန်လာသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အသိပေးအကြောင်းကြားရန်တို့ကို နှိုးဆော်လျက်ရှိပြီး နေအိမ်များသို့ သွားရောက်၍ mask အသုံးပြုနည်း၊ စွန့်ပစ်နည်း၊ စနစ်တကျလက်ဆေးခြင်း နည်းလမ်းများအား အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


